BEC-TERO TV

ကလေးမီးဖွားပြီး ၂ ရက်အကြာမှာ ကွပ်မျက်ခံခဲ့ရတဲ့ မိန်းကလေးရဲ့ ရင်နင့်စရာ အဖြစ်ဆိုး

08 Oct 2018     1,333 Views


အီရန်နိုင်ငံက အသက် ၂၄ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ထောင်ထဲမှာ ကလေးမွေးပြီး ၂ ရက်အကြာမှာ ကွပ်မျက်ခံခဲ့ရပါတယ်။ အဆိုပါအဖြစ်ပျက်ဟာ တရားမျှတမှုမရှိ၊ အမျိုးသမီးများအပေါ် ရက်စက်စွာ နှိပ်ကွပ်လွန်းတယ်လို့ အစိုးရမဟုတ်သော လန်ဒန်အခြေစိုက် နိုင်ငံတစ်ကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Amnesty International က ပြောကြားလိုက်ပါတယ်။
 
"Zeinab Sekaanvand" အမည်ရတဲ့ မိန်းကလေးဟာ အသက်မပြည့်သေးပဲ သူမ အသက် ၁၅ နှစ်မှာ အတင်းအိမ်ထောင်ချပေးခြင်းခံခဲ့ရပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူဟာ နှိပ်စက်လွန်းတာကြောင့် မခံနိုင်တော့တဲ့အဆုံး ခင်ပွန်းကို သတ်ခဲ့တဲ့အတွက် အိမ်ထောင်ကျပြီး ၂ နှစ်အကြာ သူမအသက် ၁၇ နှစ် ၂၀၁၂ ခုနှစ်မှာ ထောင်ကျခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူဟာ ဆဲဆိုရုံသာမက ကိုယ်ထိလက်ရောက် ကျူးလွန်နှိပ်စက်ခဲ့တဲ့အတွက် သူမက ကွာရှင်းပေးဖို့ မေတ္တာရပ်ခံတာကိုလည်း ငြင်းပယ်ခဲ့ပါတယ်။
 
သူမကို ဖမ်းဆီးခဲ့ပြီးနောက် ရက်ပေါင်း ၂၀ လောက် ထိန်းသိမ်းခံခဲ့ရပြီး ထိုအချိန်အတွင်းမှာ အမျိုးသားရဲအရာရှိတွေက ဝိုင်းဝန်းနှိပ်စက်ကာ အပြစ်ရှိကြောင်း အတင်းဝန်ခံခိုင်းခဲ့ပါတယ်။ အမှုအကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရာမှာ ရှေ့နေလုံးဝ ငှားရမ်းခွင့်မရှိပဲ တစ်ဖက်သတ်အမှုစီရင်ပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်။ 
 
 
သူမဟာ နှစ်ရှည် အမှုရင်ဆိုင်ပြီး ထောင်ကျနေစဉ်မှာ အကျဉ်းသားတစ်ဦးနဲ့ ထပ်မံအိမ်ထောင်ကျခဲ့ပါတယ်။ သူမမှာ နောက်ထပ်အိမ်ထောင်နဲ့ ကိုယ်ဝန်ရှိနေခဲ့တာကြောင့် သေဒဏ်စီရင်ဖို့ ရပ်ဆိုင်းခံထားခဲ့ရပါတယ်။ ဒါပေမယ့် ကလေးမီးဖွားပြီး ၂ ရက်အကြာ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူမကို အာဏာပိုင်တွေက Euromieh ဗဟိုအကျဉ်းထောင်မှာ ကွပ်မျက်ခဲ့ကြပါတယ်။ 
 
 
သူမကို ကွပ်မျက်ခြင်းမပြုမီ လူအခွင့်အရေးအဖွဲ့ Amnesty International က သူမဟာ ပြစ်မှုကျူးလွန်ခဲ့စဉ်က အသက်မပြည့်သေးသူဖြစ်သလို၊ တရားရင်ဆိုင်ခဲ့ရစဉ်ကလည်း မမျှမတတစ်ဖတ်သတ် စွပ်စွဲအမိန့်ချခဲ့တာဖြစ်လို့ သေဒဏ်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ အီရန်အစိုးရကို သတိပေးပြောဆိုခဲ့ပေမယ့် အရေးမစိုက်ပဲ အခုလို ကွပ်မျက်လိုက်တာဖြစ်ပါတယ်။
 
အီရန်ရဲ့ ဘာသာရေး ဥပဒေအရ ရာဇဝတ်မှုကျူးလွန်ရာမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးကို အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးနဲ့ တန်းတူထား စဉ်းစားကာ စီရင်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အမှုဟာကြီးတယ်လို့ သုံးသပ်ရင်တော့ အသက် ၁၈ နှစ်အောက် ကလေးတွေကိုလည်း သေဒဏ်ပေးခွင့်ရှိတယ်လို့ အီရန် ကလေးသူငယ်အခွင့်အရေးမှာ ပြဌါန်းချက်မှာ လက်မှတ်ရေးထိုးထားပါတယ်။
 
 
"Zeinab Sekaanvand" ဟာ အသက်မပြည့်ပဲ အိမ်ထာင်ချခံရပြီး နှိပ်စက်ခံရမှုကြောင့် ခင်ပွန်းကို သက်ဖြတ်ရာမှာ အသက် ၁၇ နှစ်ကနေ အသက် ၂၄ နှစ်ထိ ထောင်ထဲမှာ မတရားသောအမှုကို ရင်ဆိုင်နေခဲ့ရပြီး ထောင်တွင်းမှာ ထပ်မံအိမ်ထောင်ကျရာမှ ကိုယ်ဝန်ရှိခဲ့ပြီးနောက် ကလေးမီးဖွားပြီး ၂ ရက်အကြာမှာ သေဒဏ်စီရင်ခံရတဲ့ အဖြစ်ဟာ အရွယ်နဲ့မမျှအောင် ပေးဆပ်ခဲ့ရတဲ့ ကြေကွဲရင်နင့်စရာအဖြစ်ဆိုး တစ်ခုဖြစ်ပါတော့တယ်။
 

08 Oct 2018     1,333 Views




RELATED

Most Popular of International News

Most Popular of NEWS