BEC-TERO TV

အသက်ရှည်ချင်ရင် ဆေးလိပ်ဖြတ်ကြမယ်

19 Oct 2018     1,947 Views


ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့်လည်း ဆေးလိပ်ကို ဖြတ်ဖို့ကြိုးစားတိုင်း မအောင်မြင်တဲ့အတွက် ထိထိရောက်ရောက် ဆေးလိပ်ဖြတ်နိုင်စေမယ့် နည်းလမ်းတစ်ချို့ကို ဝေမျှလိုက်ပါတယ်။

၁။ ဆေးလိပ်ဖြတ်ဖို့ ခိုင်လုံတဲ့အကြောင်းရင်းတစ်ခု ရှာပါ
လူအများစုကတော့ ကျန်းမာရေးအတွက်ဆိုပြီး ဆေးလိပ်ဖြတ်ကြပါတယ်။ သူတို့ချစ်ခင်ရသူတွေက ဖြတ်ခိုင်းတဲ့အတွက်လည်း ဖြတ်ကြတာမျိုး ရှိပါတယ်။ သင် ဆေးလိပ်ဖြတ်ချင်တဲ့အကြောင်းကို သိပြီဆိုတာနဲ့ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်ရမယ်ဆိုတာကို ဖုန်းထဲမှာ၊ ရေခဲသေတ္တာမှာ၊ ကွန်ပျူတာမှာ၊ ကားထဲမှာ စသဖြင့် သင်မြင်နိုင်တဲ့နေရာတိုင်းမှာ သတိပေးစာလေးတွေ ရေးပြီးကပ်ထားပါ။
 
၂။ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို နားလည်အောင် လေ့လာပါ
ဆေးလိပ်ဖြတ်နိုင်ဖို့ နောက်ထပ်တွန်းအားလိုနေသေးတယ်ဆိုရင် ဆေးလိပ်ရဲ့ဆိုးကျိုးတွေအကြောင်းကို ရှာဖွေ လေ့လာပါ။ အဆုတ်ကင်ဆာဖြစ်နိုင်တာအပြင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ သွေးတိုးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သမားတစ်ယောက်ဖြစ်မယ်ဆိုရင် အဆုတ်ကင်ဆာအပါအဝင် အစာအိမ်၊ ပန်ခရိယ၊ အသည်း၊ လည်ချောင်း၊ ကျောက်ကပ်နဲ့ ဆီးအိပတ်ကင်ဆာတွေ ဖြစ်နိုင်ချေ ပိုမိုများပြားပြီး ပန်းနာရင်ကြပ်နဲ့ အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သုက်ပိုးထုတ်လုပ်နိုင်စွမ်းကိုလည်း လျော့ကျစေပြီး ကလေးအသေမွေးတာနဲ့ အင်္ဂါမစုံတာတွေလည်း တွေ့ကြုံရနိုင်ပါတယ်။
၃။ နစ်ကိုတင်းပြတ်လပ်တဲ့ လက္ခဏာတွေကို သတိထားပါ
ဆေးလိပ်ဖြတ်ဖို့အတွက် စိတ်ဓာတ်ခွန်အားအပြည့်အဝ ရရှိပြီဆိုရင် တကယ်ဖြတ်တဲ့အခါ ရင်ဆိုင်ကြုံတွေ့ရမယ့်အရာတွေကို နားလည်ထားဖို့ လိုပါတယ်။ ပထမဆုံးအနေနဲ့ နစ်ကိုတင်းပြတ်လပ်မှုရဲ့ လက္ခဏာတွေကို သိထားရမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါမှာ ခံစားမှုကောင်းစေတာက နစ်ကိုတင်းဓာတ်ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့အခါ နစ်ကိုတင်းပြတ်လပ်မှုကြောင့် ဒေါသထွက်လွယ်တာ၊ ခြေကုန်လက်ပန်းကျတာ၊ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်သောကများတာတွေ ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာ၊ ပင်းပန်းနွယ်နယ်တာ၊ ဗိုက်ဆာတာနဲ့ ဝမ်းချုပ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလို လက္ခဏာတွေကို နားလည်ထားပြီး ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။
 
၄။ ဆေးလိပ်သောက်ချင်တဲ့ အကြောင်းရင်းကို ရှာပါ
လူအများစုမှာ ဆေးလိပ်သောက်ချင်စိတ်ကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေ ရှိကြပါတယ်။ အများစုက ယမကာတစ်ခုခု သောက်သုံးပြီးချိန် ဒါမှမဟုတ် အစားအသောက် စားသုံးပြီးချိန်တွေမှာ ဆေးလိပ်သောက်ချင်တတ်ကြပါတယ်။ တချို့တွေကလည်း သူတို့ကို ဆေးလိပ်သောက်ချင်စိတ်ဖြစ်စေတတ်တဲ့ နေရာနဲ့ လှုပ်ရှားမှုတစ်ခုခုရှိတတ်ကြပါတယ်။ သင့်အနေနဲ့လည်း ဘယ်အချိန်မှာ ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာတတ်သလဲဆိုတာကို သိထားမယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ အစားစားပြီးတိုင်း ဆေးလိပ်သောက်တတ်တယ်ဆိုရင် အခြားတစ်ခုခုပြောင်းလုပ်ကြည့်ပါ။
 
၅။ မှတ်တမ်းရေးပါ
တစ်နေ့မှာ ဆေးလိပ်သောက်ချင်စိတ်ဖြစ်တဲ့ အချိန်၊ နေရာနဲ့ ဆေးလိပ်အရေအတွက်ကို သိရှိဆင်ခြင်နိုင်ဖို့အတွက် မှတ်တမ်းတစ်ခု ရေးသားပါ။ ဒီလိုရေးသားတာဟာ သင့်ရဲ့ဆေးလိပ်သောက်တဲ့ အလေ့အကျင့်ကို တစ်ဖြည်းဖြည်းပြောင်းလဲလာစေနိုင်ပါတယ်။
 
၆။ ဆေးလိပ်နဲ့ ပတ်သက်တာတွေ အားလုံးစွန့်ပစ်လိုက်ပါ
တအိမ်လုံးကို မွှေနှောက်ရှာဖွေပြီး ဆေးလိပ်နဲ့ပတ်သက်တာတွေ အားလုံးကို ဖယ်ရှားလိုက်ပါ။ ဆေးလိပ်ပြာခွက်၊ မီးခြစ် စသဖြင့် အားလုံးကို စွန့်ပစ်လိုက်ပါ။
 
၇။ ချက်ချင်း ဖြတ်တာက သိပ်အလုပ်မဖြစ်ပါဘူး
သင့်ကိုယ်သင် စိတ်ခိုင်တယ်လို့ ထင်နေပေမယ့် ဆေးလိပ်ကို ချက်ချင်းဖြတ်နိုင်ဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ လေ့လာမှုတွေအရ ရုတ်တရက်ဆေးလိပ်ဖြတ်သူ (၁၀၀)မှာ အများဆုံး(၆)ယောက်ပဲ အမှန်တကယ်ဆေးလိပ်ပြတ်သွားကြတယ်လို့ ဆိုပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ စနစ်တကျ အစီအစဉ်တစ်ခုကို ရေးဆွဲပြီး တဖြည်းဖြည်းချင်း ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။
 
၈။ နစ်ကိုတင်းအစားထိုးကုထုံးတွေကို သုံးပါ
နစ်ကိုတင်းပြတ်လပ်မှုကို အစားထိုးနိုင်ဖို့ ပီကေဝါးတာ၊ ဆေးပြားငုံတာ၊ နစ်ကိုတင်းကပ်ခွာသုံးတာ၊ ငုံဆေးနဲ့ ရှုဆေးတွေ သုံးတာ စသဖြင့် သင့်ခန္ဓာကိုယ်ထဲကို နစ်ကိုတင်းဓာတ်အစားထိုးနိုင်မယ့် နည်းလမ်းတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။
 
၉။ ပါးစပ်ကို အလုပ်ပေးထားပါ
ဆေးလိပ်သောက်သူအများစုဟာ ဆေးလိပ်ဖြတ်ဖို့ကြိုးစားတဲ့အခါမှာ လက်နဲ့ ပါးစပ်က တစ်ခုခုမလုပ်ရမနေနိုင်အောင် ဖြစ်နေတတ်ပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် ပီကေဝါးတာ၊ ငုံဆေးငုံတာ၊ တစ်ခုခုစားသုံးတာတွေက သင့်လက်နဲ့ ပါးစပ်ကို အလုပ်ပေးထားနိုင်မှာ ဖြစ်ပါတယ်။
 
၁၀။ အကူအညီတောင်းပါ
ဆေးလိပ်ဖြတ်နိုင်ဖို့အတွက် အသိမိတ်ဆွေ၊ မိသားစုဝင်တွေ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာ ပညာရှင်တစ်ယောက်ယောက်ကို အကူအညီတောင်းလို့ ရပါတယ်။ သူတို့ရဲ့ အကူအညီရမယ်ဆိုရင်လည်း ဆေးလိပ်ကို အလွယ်တကူဖြတ်နိုင်မှာ ဖြစ်ပါတယ်။
 
၁၁။ အလုပ်ပိုလုပ်ပါ
ဆေးလိပ်ဖြတ်တဲ့အခါ နစ်ကိုတင်းပြတ်လပ်မှုကြောင့် မနားမနေဖြစ်နေစေပါတယ်။ ဒါ့ကြောင့် လုပ်စရာအလုပ်တွေ ရှာကြံပြီး လုပ်နေဖို့ လိုပါတယ်။ ၀ါသနာအသစ်တစ်ခု လုပ်ဆောင်တာ၊ ကားရေဆေးတာ၊ တောင်တက်တာ စသဖြင့် တစ်ခုခုလုပ်ပါ။ အပြေးလေ့ကျင့်တာတို့ သူငယ်ချင်းတွေနဲ့ နေ့လည်စာသွားစားတာတို့လည်း လုပ်လို့ရပါတယ်။ အလုပ်အရမ်းများနေတာက နစ်ကိုတင်းပြတ်လပ်မှုကြောင့် ကြုံတွေ့ရတာတွေကို မေ့သွားစေမှာပါ။ ဒါပေမယ့် စိတ်ဖိစီးစရာကိစ္စတွေကို တတ်နိုင်သမျှ ရှောင်ပါ။ စိတ်ဖိစီးမှုတွေက ဆေးလိပ်သောက်ချင်စိတ်ကို ဖြစ်စေပါတယ်။
 
၁၂။ ကျန်းမာရေးလိုက်စားသူတွေနဲ့ အချိန်ဖြုန်းပါ
သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ ဆေးလိပ်မသောက်တတ်ပဲ ကျန်းမာရေးလိုက်စားသူရှိခဲ့မယ်ဆိုရင် သူတို့နဲ့ အချိန်ပိုဖြုန်းလိုက်ပါ။ သူတို့ရဲ့ လှုံဆော်မှုက ဆေးလိပ်ဖြတ်ခြင်းကို ပိုပြီးထိရောက်စေနိုင်ပါတယ်။
 
၁၃။ အစီအစဉ်ရေးဆွဲပါ
ဆေးလိပ်ဖြတ်ဖို့အတွက် တိကျသေချာတဲ့ အသေးစိတ်အစီအစဉ်တစ်ခု ရေးဆွဲထားမယ်ဆိုရင် အောင်မြင်ဖို့ အလားအလာပိုများပါတယ်။ နေ့စွဲတွေ အတိအကျနဲ့ မှတ်တမ်းတစ်ခု ထားရှိပါ။ ဥပမာအားဖြင့် တစ်ရက်ကို ဆေးလိပ်ဘယ်နှလိပ်ပဲသောက်မယ်။ ဘယ်နေ့ကျရင် နောက်ထပ် ဘယ်နှစ်လိပ်လျှော့ချမယ်၊ နောက်ဆုံး ဘယ်ရက်မှာ လုံးဝမသောက်ပဲ နေနိုင်ရမယ် စသဖြင့် အစီအစဉ်ရေးဆွဲရမှာ ဖြစ်ပါတယ်။
 
အလေ့အကျင့်တစ်ခုကို ဖျောက်ဖျက်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ကူပါဘူး။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှုရှိပြီး နည်းလမ်းကောင်းတစ်ချို့ကို ကျင့်သုံးမယ်ဆိုရင် ဆေးလိပ်ကို အပြတ်ဖြတ်တောက်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
 
Ref mgnt

19 Oct 2018     1,947 Views




RELATED

Most Popular of Health Fix

Most Popular of Life Style