BEC-TERO TV

ပျက်ကျလေယာဉ်ရှာဖွေရေး ရေငုတ်သမားတစ်ဦး သေဆုံး၊ ရှာဖွေရက် ၃ ရက်ထပ်တိုး

05 Nov 2018     1,522 Views


ဂျာဗားပင်လယ်ထဲသို့ ပျက်ကျခဲ့သော Lion Air လေယာဉ်အပိုင်းအစများနဲ့ သေဆုံးသူတို့အား ရှာဖွေဆယ်ယူရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သော ရေငုတ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း စနေနေ့က တရားဝင်ထုတ်ဖော်ပြောကြားလိုက်သည်။


အသက် ၄၈ နှစ်အရွယ် အင်ဒိုနီးရှားရေငုတ်သမား Syachrul Anto ဟာ ပြီးခဲ့တဲ့ သောကြာနေ့က လေယာဉ်ပေါ်ပါ သေဆုံးသူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရှာဖွေဆယ်ယူစဉ် သေဆုံးခဲ့ရပြီး ပင်လယ်ရေပြင်အနက်ရဲ့ ဖိအားဒဏ်ကြောင့် သေဆုံးရသည်ဟု ယုံကြည်ကြောင်း အင်ဒိုနီးရှား ရေတပ်မှ တပ်မှူး Isswarto က ပြောကြားခဲ့သည်။


လေယာဉ်ပျက်မှ ဒုတိယမြောက် Black Box ရှာဖွေရန်နဲ့ အလောင်းများဆယ်ယူရေး လုပ်ငန်းစဉ်ကို နောက်ထပ် ၃ ရက်ထပ်မံတိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက တနင်္ဂနွနေ့က ထုတ်ပြန်လိုက်သည်။


ဆယ်ယူရရှိထားသော လူသေထည့်သည့်အိတ်ပေါင်း ၁၀၅ အိတ်နဲ့ ပစ္စည်းပစ္စယများကို ရဲများထံလွှဲအပ်ပေးခဲ့သည်။ Black Box မှာ ရှာဖွေနေသော ဧရိယာ၏ မီတာ ၅၀ အတွင်းတွင် ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး ပင်လယ်ရေအောက်တွင် လှိုင်းနဲ့ ရွံ့နုန်းများကြောင့် ၁ မီတာအနက်မှာတောင် ရှာဖွေရန်ခက်ခဲ့ကြောင်း ရှာဖွေရေးအေဂျင်စီ၏ ဦးစီးမှူးဖြစ်သူ Muhammad Syaugi က ပြောကြားခဲ့သည်။

Lion Air JT610 မှာ ပျံသန်းစဉ်ပြဿနာရှိခဲ့သဖြင့် ဂျာကာတာသို့ ပြန်လှည့်လာရန် ခွင့်တောင်းခဲ့ပြီး ထိန်းချုပ်စခန်းမှ ပြန်လှည့်ခွင့်ပေးခဲ့ပြီးနောက် အဆက်အသွယ်ပျက်သွားခဲ့ကာ ပျက်ကျမှုဖြစ်ပွားခဲ့သည်။ လေယာဉ်ပေါ်တွင် လူ ၁၈၉ ဦး လိုက်ပါသွားပြီး အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း သိရှိရသည်။


05 Nov 2018     1,522 Views




RELATED

Most Popular of International News

Most Popular of NEWS