BEC-TERO TV

သဘာဝနည်းအတိုင်း အသားအရေထိန်းသိမ်းကြတဲ့ ကိုးရီးယားအနုပညာရှင်များ

05 Nov 2018     1,670 Views


ကိုးရီးယားမင်းသား၊မင်းသမီးအများစုကို ကြည့်လိုက်ရင် သူတို့ရဲ့ အသားအရေဟာ ငွေရောင်နှင်းမှုန်လေးလိုဖြူဝင်းတောက်ပနေပြီး စိမ့်စမ်းရေလေးလိုကြည်လင်နေတယ် မဟုတ်ပါလား။

သူတို့ရဲ့ အသားအရေထိန်းသိမ်းတဲ့ နည်းလမ်းလေးတွေက အကုန်အကျလဲသက်သာပြီး နေ့စဉ်အသုံးပြုနေကျ ပစ္စည်းလေးတွေတောင် ပါဝင်နေတာဖြစ်တဲ့အတွက် တကယ်ကို အံ့အားသင့်စရာပါပဲနော်။

ဒါကြောင့်မို့ ပရိတ်သတ်ကြီးအတွက် သူတို့အသုံးပြုတဲ့ နည်းလမ်းလေးတွေကို စမ်းကြည့်လို့ ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

Song Hye Kyo (ဆောင်းဟယ်ကျို)

မြန်မာပြည်မှာ အွန်စောလို့ လူသိများတဲ့မင်းသမီး ဆောင်းဟယ်ကျို ဟာဆိုရင် လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှာ အသက် ၃၇ နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ အသက်သာ တစ်နှစ်ပြီးတစ်နှစ်ကြီးသွားသော်လည်း ဆောင်းဟယ်ကျိုရဲ့ အသားအရေကတော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်လို နုပျိုလန်းဆန်းနေတုန်းပါပဲ။ ဒါကလဲ သူမမှာ သဘာဝအတိုင်းအသားအရေထိန်းသိမ်းတဲ့ နည်းလမ်းကောင်းလေးတစ်ခုရှိနေလို့ပါ။ သူမရဲ့ နည်းလမ်းကတော့ တစ်နေ့တာကုန်ဆုံး ပြီး ညအိပ်ရာဝင်ခါနီး အချိန်အခါသမယမှာ နို့မုန့် ၁ ဇွန်း၊ ပျားရည် ၁ ဇွန်းနှင့် ကြက်ဥတစ်လုံးတို့ ရောနှောထားတဲ့ အရောကို မျက်နှာမှာ မိနစ် ၂၀ ကြာအောင်ထားရှိပြီး ပေါင်းတင်တာပဲဖြစ်ပါတယ်။ ပျားရည်က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။ နို့မုန့်မှာပါဝင်တဲ့ လက်တစ်အက်ဆစ်ဟာ မျက်နှာအရေပြားပေါ်မှာရှိတဲ့ အညစ်အကြေးများနဲ့ မလှပတဲ့ အရေပြားလွှာများကိုဖယ်ရှားပေးပါတယ်။ ကြက်ဥကတော့ မျက်နှာပေါ်ရှိ ချွေးပေါက်များ ကိုကျဉ်းစေပြီး အဆီဖုလေးတွေထွက်ရာမှကာကွယ်တားဆီးပေးပါတယ်။

Song Joong Ki(ဆောင်ဂျုံကီ)

ပရိတ်သတ်ကြီးရေ ဆောင်ဂျုံကီနဲ့ ဆောင်းဟယ်ကျိုဟာဆိုရင် ပရိတ်သတ်ကြီး ချစ်ရတဲ့ Song-Song Couple ပဲမဟုတ်ပါလား။ နှစ်ယောက်လုံးက ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ချက်တွေကလဲ ပြောစရာမလိုတာကြောင့် သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Descendants of the sun (နေမင်းရဲ့ သားစဉ်မြေးဆက်များ) ဇာတ်လမ်းတွဲဟာဆိုရင် ၂၀၁၆ တစ်နှစ်တာရဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ တစ်ခုဆိုလဲမမှားပါဘူး။ နေနဲ့လှရွှေနဲ့မြဆိုသလိုပဲ လိုက်ဖက်လွန်းလှတဲ့ သူတို့နှစ်ယောက်ရဲ့ အသားအရေ ထိန်းသိမ်းပုံကလဲ စိတ်ဝင်စားစရာပါပဲနော်။ ဆောင်းဂျုံကီဟာဆိုရင်လဲ ဇနီးဖြစ်သူ ဆောင်းဟယ်ကျိုနည်းတူ သူ့ရဲ့ ဖြူဝင်းလှပတဲ့ အသားအရေကို ထိန်းသိမ်းတဲ့ နည်းလမ်းလေးကို တီဗွီအစီအစဉ်တစ်ခုရဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ဖူးပါတယ်။ သူ့ရဲ့ နည်းလမ်းလေးကတော့ ရိုးရိုးလေးပါ။ ညအိပ်ရာဝင်ခါနီးတိုင်း နွားနို့နဲ့ မျက်နှာသစ်နည်းပဲဖြစ်ပါတယ်။ မျက်နှာသစ်တာမျိုး မပြုလုပ်ချင်ရင် toner ဂွမ်းကို နွားနို့ထဲ နှစ်ကာ မျက်နှာအနှံ့မှာ ညင်သာစွာသုတ်လိမ်း ပေးရင်းဖြင့် အသားအရေကို ဖြူဝင်းလှပစေမှာဖြစ်ပါတယ်။ ဒါဆိုရင်ဆောင်းဟယ်ကျို နဲ့  ဆောင်းဂျွန်ကီ (Song-Song Couple)တို့ရဲ့ Baby skin လိုနုဖတ်နေတဲ့မျက်နှာလေးရဲ့ လျှို့ဝှက်ချက်ကိုသိသွားပြီမို့ ပရိတ်သတ်ကြီးလဲ စမ်းကြည့်သင့်ပါတယ်နော်။

Yoona (ယူနာ)

Girls’ Generation အဖွဲ့ဝင် အဆိုတော်လဲဖြစ်၊ မင်းသမီးလဲဖြစ်တဲ့ ယူနာရဲ့ အသားအရေ ထိန်းသိမ်းတဲ့သဘာဝပစ္စည်းကတော့ ‘ဆား’ ပါတဲ့။ သူမက ဆားတစ်ဇွန်း ကို ရေနွေးနွေးနဲ့ဖျောပြီး တိုနာဂွမ်းကိုဆားရေထဲ နှစ်လိုက်ကာ မျက်နှာအနှံ့အပြားကို သုတ်လိမ်းပေးတာပဲ ဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ မျက်နှာပေါ်ရှိ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားများကို အမြန်ဆုံးသေဆုံးသွားစေနိုင်ပါတယ်။

Goo Hara (ဂူဟာရာ)

ဂူဟာရာဟာ သူမရဲ့ တွစ်တာစာမျက်နှာမှာ အသားအရေထိန်းသိမ်းနည်းကိုဝေမျှခဲ့ဖူးပါ တယ်။ သူမရဲ့ အသားအရေထိန်းသိမ်းနည်းကတော့ အိပ်ရာဝင်ခါနီးကို သခွားသီးနဲ့ ညင်သာစွာပွတ်သတ်ပေးခြင်းပဲဖြစ်ပါတယ်။ အသီးတွေအားလုံးထဲမှာမှာ သခွားသီးဟာ ရေဓာတ်အများဆုံးပါတာမို့ အသားအရေကိုတင်းရင်းစေပြီး ခြောက်သွေ့ခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။

Han Sun Hwa (ဟန်ဆွန်းဟွာ)

တစ်ချိန်က အမျိုးသမီးအဆိုတော်အဖွဲ့ secret အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟန်ဆွန်းဟွာဟာ ဆိုရင် ပဲသီးစေ့ကို အမှုန့်ကြိတ်ပြီး နွားနို့ဖြင့် ရောစပ်ကာ မျက်နှာမှာ သုတ်လိမ်းပြီးပေါင်း တင်လေ့ရှိပါတယ်တဲ့။ ထိုသို့ပြုလုပ်ခြင်းဟာ မျက်နှာပေါ်မှာရှိတဲ့ အရေပြားကို အဟောင်းမှ အသစ်သို့ လဲပေးသကဲ့သို့ ပိုမိုတောက်ပြောင်လှပစေပါတယ်။ ဒါကြောင့် သရုပ်ဆောင် ဟန်ဆွန်းဟွာရဲ့မျက်နှာဟာ အမြဲတမ်းကြည်လင်တောက်ပ နေခြင်းပဲဖြစ်ပါတယ်။


05 Nov 2018     1,670 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Life Style