ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအမျိုးသမီးအမှုဆောင်အရာရှိအဖြစ် ဆူဆန်နာ ကိုခန့်အပ်
14 Nov 2018 1,643 Views

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအမျိုးသမီးအမှုဆောင်အရာရှိကို အင်္ဂါနေ့က ဆူဆန်နာဒင်နေ့ခ်ျ ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ နာမည်အကျော်အမှုဆောင်အရာရှိ ရစ်ချတ်စကူဒါမိုးဟာ ပြီးခဲ့တဲ့ဇွန်လကတည်းက သူ့ရဲ့ရာထူးကိုစွန့်ခွာတော့မယ်လို့ အတည်ပြုထားခဲ့တာဖြစ်ပြီး မနေ့ညကတော့ ဆူဆန်နာ ဆိုတဲ့ အမျိုးသမီးတစ်ဦးကို အတည်ပြုကြေညာလိုက်တာဖြစ်ပါတယ်။
ဆူဆန်နာဟာ Discovery အုပ်စုရဲ့ ချန်နယ်တစ်ခုဖြစ်တဲ့ Animal Planet မှာ ကမ္ဘာလုံးဆိုင်ရာဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး လာမယ့်နှစ်ဆန်းပိုင်းကနေစတင်ကာ စကူဒါမိုးရဲ့နေရာမှာစတင် တာဝန်ယူတော့မှာဖြစ်ပါတယ်။
.jpg)
ဆူဆန်နာဟာ ''မယုံနိုင်စရာကောင်းတဲ့ရာထူးတစ်ခုကို လက်ခံရတော့မယ့်အပေါ် အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်။ ပရီးမီးယားလိဂ်ဆိုတာဟာ သန်းပေါင်းများစွာသောသူတွေအတွက် အဓိပ္ပာယ်များစွာရှိတဲ့ပြိုင်ပွဲပါ။ ဒါဟာ အားကစားလောကရဲ့ အရေးပါဆုံးပြိုင်ပွဲလည်းဖြစ်လို့ ဒီလိုကြီးကျယ်ခမ်းနားတဲ့အဖွဲ့အစည်းကို ဦးဆောင်ခွင့်ရခြင်းဟာ အထူးအခွင့်အရေးတစ်ရပ်လည်းဖြစ်ပါတယ်။
ကလပ်အသင်းတွေရဲ့ထောက်ပံ့မှုနဲ့အတူ ပရီးမီးယားလိဂ်ရဲ့အောင်မြင်မှုကို နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့အောင်စွမ်းဆောင်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်'' ဆူဆန်နာဒင်ကဆိုပါတယ်။