BEC-TERO TV

ထောင်နဲ့ချီတဲ့ မြန်မာအမျိုးသမီးများ တရုပ်မယားအဖြစ် လူကုန်ကူးခံနေရကြောင်း အစီရင်ခံစာပေါ်ထွက်

10 Dec 2018     1,466 Views


မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ မိန်းကလေးငယ်များအပါအဝင် အားနွဲ့သူအမျိုးသမီး ထောင်နဲ့ချီပြီး တရုပ်လူမျိုးများနဲ့ လက်ထပ်ရန် တရုပ်မယားအဖြစ် အတင်းအကြပ် လူကုန်ကူးမှုခံနေရကြောင်း ဒီဇင်ဘာ ၇ ရက် သောကြာနေ့က ထွက်လာတဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

တရုပ်နိုင်ငံမှာ နှစ်ပေါင်းများစွာကျင့်သုံးလာခဲ့တဲ့ မိသားစုတစ်ခု ကလေးတစ်ယောက် မူဝါဒကြောင့် ယခုအခါ တရုပ်နိုင်ငံရဲ့ လူဦးရေစာရင်းအရ အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေထက် ၃၃ သန်းဝန်းကျင် ပိုများနေပြီး ကွာဟချက် ကြီးမားနေတယ်လို့ အဆိုပါစာတမ်းမှာ ဖော်ပြထားပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးကြား လူဦးရေကွာဟချက် ကွပ်လပ်ကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီယား၊ လာအို နဲ့ မြန်မာနိုင်ငံတို့မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ အရပ်ဒေသကအမျိုးသမီးတွေကို သတို့သမီးတွေအဖြစ် ဖိအားပေးရောင်းချနေမှုများ ရှိနေပြီး အချို့က ဒါကိုသိရှိပြီး သဘောတူလက်ခံသလို အတော်များများက ဒီလိုလက်ထပ်ရမယ်ဆိုတာ မသိပဲ လူကုန်ကူးသူတွေရဲ့ လှည့်ဖြားမှုနဲ့ လူကုန်ကူးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီသုတေသနကို ပထမဆုံးလုပ်ကိုင်ခဲ့သူ John Hopkins (Bloomberg School of Public Health) က မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ခန့်မှန်းချေ အမျိုးသမီး ၇၅၀၀ ခန့်ဟာ တရုပ်မယားအဖြစ် အတင်းအကြပ် ရောင်းစားခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုအဖြစ်ဆိုးမျိုးကနေ လွတ်မြောက်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာကြတဲ့ မြန်မာအမျိုးသမီးများ၊ တရုပ်နိုင်ငံထဲမှာပဲ ရှိနေကြသေးတဲ့ အခြားအမျိုးသမီးတွေနဲ့ အင်တာဗျူးလုပ်ပြီး စုံစမ်းခဲ့ရာမှာ လူကုန်ကူးခံခဲ့ရတဲ့ အမျိုးသမီးတော်တော်များများဟာ တရုပ်လင်ယောက်ျားတွေအတွက် ကိုယ်ဝန်ဆောင် ကလေးမွေးပေးဖို့ အတင်းအကြပ် ဖိအားပေး စေခိုင်းခံရတယ်လို့ သိရပါတယ်။

ဒေသတွင်း ပဋိပက္ခများနဲ့ ဆင်းရဲမွဲတေမှုများကြောင့် အမျိုးသမီးတွေဟာ နိုင်ငံပြင်ပကို ထွက်ခွာနေကြရပြီး တရုပ်နိုင်ငံရဲ့ ကျေးလက်ဒေသတွင်း မြင့်မားတဲ့ အမျိုးသမီးလိုအပ်ချက်တွေကို အတင်းစေခိုင်းခံကာ ဖြည့်ဆည်းပေးနေရတယ်လို့ သတင်းထောက် W. Courtland Robinson က ပြောဆိုခဲ့ပါတယ်။


တရုပ်နိုင်ငံထဲသို့ ၃ ကြိမ်တိုင်တိုင် လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးတစ်ဦးရဲ့ အဆိုအရ အကြိမ်တိုင်းမှာ ကလေးမွေးဖို့ အတင်းအကြပ်ဖိအားပေးခံရတယ်လို့ ထိုင်းနိုင်ငံမှာရှိတဲ့ ကချင်အမျိုးသမီးအဖွဲ့မှ ဦးဆောင်သူ မမွန်းနေလီ က ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးတွေဟာ အသက်ငယ်လေ ပိုက်ဆံပိုရလေဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကနေ ၁၅,၀၀၀ ထိ ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။

များသောအားဖြင့် အသက်ကြီးတဲ့ တရုပ်အမျိုးသားတွေ၊ ကျန်းမာရေးချို့တဲ့သူတွေ၊ မသန်မစွမ်း အမျိုးသားတွေနဲ့ ပေါင်းဖက်ကြရတာများပြီး တရုပ်အမျိုးသမီး လိုအပ်ချက်ကို အတင်း ဖြည့်ဆည်းခံနေရပါတယ်။

ကံကောင်းတဲ့ အချို့သောအမျိုးသမီးတွေလောက်သာ အောင်မြင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်နိုင်ကြတယ်လို့ အခုလိုရှုပ်ထွေးတဲ့ အမှုတွေကို လေ့လာနေသူ Dr Robinson က ပြောပါတယ်။

သုတေသနလေ့လာသူတွေဟာ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်စေပြီး ထောင်ပေါင်းများစွာသော အမျိုးသမီးတွေ လူကုန်ကူးခံနေရတဲ့ အဖြစ်ကို ဥပဒေနဲ့ကာကွယ်ပေးနိုင်ဖို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေကို တင်ပြပြီးဖြစ်ကြောင်း နိုင်ငံတစ်ကာ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။


10 Dec 2018     1,466 Views




RELATED

Most Popular of International News

Most Popular of NEWS