BEC-TERO TV

ခရစ္စမတ်ပွဲတော် ကျင်းပခွင့်ကို တရုပ်အာဏာပိုင်များ တားမြစ်

19 Dec 2018     1,374 Views


ယခုနှစ်ခရစ္စမတ်ရာသီမှာ ခရစ္စမတ်ဘိုးဘိုးကြီးအပါအဝင် ခရစ္စမတ်နဲ့ဆက်နွယ်တဲ့ ပွဲတော်တွေ၊ အလှဆင်တာတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချခြင်းကို တရုပ်နိုင်ငံမြောက်ပိုင်း ဟီဘီပြည်နယ်မှာရှိတဲ့ လန်ဖန်းမြို့ရဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေက ပိတ်ပင်တားမြစ်လိုက်ပါတယ်၊ ဒီဥပဒေကို ချိုးဖောက်မယ်ဆိုရင် မည်သူမဆို အပြစ်ပေးခံရမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါကြေညာချက်ထဲမှာ ဘာသာရေးနဲ့ ပက်သက်ပြီး ပန်းခြံတွေထဲ၊ ရင်ပြင်တွေထဲမှာ စုရုံးနေကြတာတွေကိုတွေရင် မည်သူမဆို သတင်းပို့ပါရန် မေတ္တာရပ်ခံကြောင်းလည်း ဖော်ပြထားပါတယ်။ သို့သော် မည်သည့် ဘယ်ဘာသာကို ရည်ရွယ်တယ် ဆိုတာကိုတော့ အတိအကျဖော်ပြခြင်းမရှိပါဘူး။

တရုပ်ပြည်မကြီးကို စီမံခန့်ခွဲနေတဲ့ ပါတီဟာ ဘာသာမဲ့ဝါဒအဖြစ် တရားဝင်သိထားကြပြီး ခရစ္စမတ်ပွဲတော် အချိန်ကိုလည်း အများပြည်သူအားလပ်ရက်အဖြစ် အသိအမှတ် မပြုထားပါဘူး။ ဒါ့အပြင် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ဘာသာရေးပွဲ လုပ်တဲ့ မည်သူ့ကိုမဆို အရေးယူလာခဲ့တာ နှစ်ပေါင်းအတော်ပင် ကြာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုပ်နိုင်ငံ ဟူနန်ပြည်နယ်မှာရှိတဲ့ တရုပ်တောင်ပိုင်းတက္ကသိုလ်က ကွန်မြူနစ်ပါတီဝင် လူငယ်များအဖွဲ့ကို ခရစ္စမတ်နဲ့ ဆက်နွယ်တဲ့ ပွဲတော်တွေမှာ မပါဝင်မပက်သက်ကြဖို့ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အဲဒီအချိန်က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။

လန်ဖန်း အုပ်ချုပ်ရေးအဖွဲ့ရဲ့ တရားဝင် ကြေညာချက်မှာ ခရစ္စမတ်သစ်ပင်တွေ၊ ခေါင်းစွပ်၊ ခြေအိတ် နဲ့ စင်တာကလော့ခ်ပုံစံ ဝတ်စုံတွေ ရောင်းချသူများအား အရေးယူမည်ဟု ဖော်ပြထားပါတယ်။ ဒါ့အပြင် ခရစ္စမတ်အထူးဈေးရောင်းပွဲ အမည်ခံပြီး ပစ္စည်းများကို ဈေးလျော့ရောင်းခြင်းကိုလည်း တားမြစ်ထားကာ ပုံမှန်ဈေးနဲ့သာ ဆက်လက်ရောင်းချရမည်ဟု ညွှန်ကြားထားပါတယ်။

ဒါပေမယ့် အဆိုပါ အုပ်ချုပ်ရေး အဖွဲ့ထဲမှ တစ်ဦးဖြစ်သူကတော့ ခရစ္စမတ်နဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေကို တားမြစ်ချင်တာ အဓိက မဟုတ်ပဲ လမ်းပေါ်မှာ ဒီပစ္စည်းတွေကို ခင်းကျင်းပြီး ရောင်းချတာကို အဓိကပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ခရစ္စမတ်ကာလတစ်ခုထဲမှ မဟုတ်ပါဘူး ဘယ်အချိန်မဆို ပစ္စည်းတွေကို လမ်းမပေါ်ခင်းကျင်းပြီး ရောင်းလို့ မရဘူးလို့ စတိုးဆိုင်ပိုင်ရှင်တစ်ဦးကလည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရဲအင်အား ၆၀ ကျော်ခန့်နဲ့ ကွမ်ကျိုးပြည်နယ်ထဲက ကလေးတွေကို ဘိုက်ဘယ်သင်တန်းပေးနေတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို အာဏာပိုင်တွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပေကျင်းမှာရှိတဲ့ အဖွဲ့ဝင် ၁၅၀၀ ခန့်ရှိတဲ့ ဇီယွန်ခရစ်ယာန်ဘုရားကျောင်းကို အာဏာပိုင်တွေက ပိတ်သိမ်းလိုက်ပြီးနောက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေ ဖြစ်ပါတယ်။

“လန်ဖန်း က အုပ်ချုပ်ရေးအဖွဲ့က တရုပ်ပြည်မကြီးအစိုးရကို ဖားချင်တာကြောင့် ခရစ္စမတ်အပြင်အဆင်နဲ့ ရောင်းချမှုတွေကို ပိတ်ပင်တာဖြစ်ပါတယ်။ သူတို့က ခရစ္စမတ်ဆိုတဲ့ အနှစ်သာရ ဘာလဲဆိုတာကို မသိပဲ ဒီလိုလုပ်နေတာဖြစ်ပါတယ်။ ခရစ္စမတ်ဆိုတာ ဈေးရောင်းပွဲတွေ ပါတီပွဲတွေ လုပ်တာ အဓိကမဟုတ်ပါဘူး” လို့ ပြည်သူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ယခုနှစ် ခရစ္စမတ်ရာသီမှာတော့ စင်တာကလော့ခ် ဘိုးဘိုးကြီး တရုပ်နိုင်ငံ လန်ဖန်းမြို့လေးကို ခြေချခွင့် ရနိုင်တော့မည်မဟုတ်ပါ။


19 Dec 2018     1,374 Views




RELATED

Most Popular of International News

Most Popular of NEWS