BEC-TERO TV

ကျောင်းတုန်းက နှိပ်စက်ခဲ့တဲ့ဆရာကို နှစ် ၂၀ အကြာမှာ တပည့်ဖြစ်သူ ကလဲ့စားချေ

21 Dec 2018     1,458 Views


လွန်ခဲ့သော နှစ် ၂၀ ခန့်က ဆရာဖြစ်သူဟာ သူ့ကို ကြမ်းတမ်းစွာရိုက်ခဲ့ဖူးသည်ဟု စိတ်မှတ်စွဲကာ အငြိုးအတေးထားတဲ့ တရုပ်နိုင်ငံအလယ်ပိုင်းက အမျိုးသားတစ်ဦးဟာ ဆရာဟောင်းဖြစ်ခဲ့ဖူးသူကို လိုက်ရှာပြီးနောက် လက်စားချေ တိုက်ခိုက်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဟန်န်စီရင်စု၊ လိုယန်းဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ ရုပ်သံဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက် ကြာသပတေးနေ့မှာတော့ “ချန်” ဟုအမည်ရှိသော အမျိုးသားကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ရုပ်သံအရ “ချန်” ဟာ စကူတာဆိုင်ကယ် စီးလာနေတဲ့ အမျိုးသားကြီးတစ်ဦးကို လမ်းမပေါ်ကနေ တက်တာပြီး ဆိုင်ကယ်ကို ရပ်တန့်စေခဲ့ပါတယ် အဲဒီနောက် “ငါ့ကိုမှတ်မိလား..? လို့ မေးလိုက်ပါတယ်။ အဲဒီနောက် သူ့ရဲနာမည်ကို ပြောပြပြီး အဖိုးကြီးရဲ့ ဦးခေါင်းနဲ့ မျက်နှာတို့ကို လက်ဝါးနဲ့ အဆက်မပြတ် ရိုက်ခဲ့ပါတယ်။ မိနစ် ၂၀ ကြာအောင် ဆက်တိုက်ရိုက်ခဲ့ပြီး အဲဒီအချိန်အတွင်းမှာ အဖိုးကြီးက ဘာမှပြန်လည်မခုခံပဲ “တောင်းပန်ပါတယ်” လို့သာ အကြိမ်ကြိမ် ပြန်ပြောခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဇွန်လကဖြစ်ပွားခဲ့ကြောင်း၊ ဒါပေမယ့် ရုပ်သံကို အဲဒီအချိန်က အွန်လိုင်းပေါ်  မတင်ခဲ့ကြောင်း ရုပ်သံရိုက်ကူးခဲ့သူက အွန်လိုင်းဖိုရမ်တစ်ခုမှာ ရုပ်သံနဲ့အတူ ဖြစ်စဉ်ကိုပါ ဖွင့်ချပြောဆိုခဲ့ပြီး “ချန်” နဲ့ သူ့ဆရာရဲ့ အတိတ်ဇာတ်လမ်းကိုလည်း ရေးသားဖော်ပြခဲ့ပါတယ်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ကျောင်းဆရာဟောင်း “ကျန်း” ဟာ “ချန်” အလယ်တန်းကျောင်းသားဘဝတုန်းက အင်္ဂလိပ်စာပြ ဆရာတစ်ဦးဖြစ်ခဲ့ပါတယ်။ တစ်ရက် အတန်းထဲမှာ သူစာသင်နေတုန်း “ချန်” အိပ်ပျော်နေတာကို မိသွားပြီး အတန်းရှေ့ထွက်ခိုင်းကာ ဒူးထောက်ခိုင်းခဲ့ပါတယ်။ အဲဒီနောက် အတန်းသာတွေရှေ့မှာ ဦးခေါင်းကို ၁၀ ကြိမ်ထက်မနည်း စောင့်ကန်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုပြုမူဆက်ဆံခံခဲ့ရတာကြောင့် ‘ချန်’ ဟာ စိတ်ဒဏ်ရာရခဲ့ပြီး တစ်ချိန်လုံးကလဲ့စားချေလိုစိတ်တွေနဲ့ ပြည့်နေခဲ့ပါတယ် ။ “ကျွန်တော် ‘ကျန်း’ ကလွဲပြီး ကျန်တဲ့ဆရာတွေအားလုံးကို တောင်းပန်ပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။


အဆိုပါရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး နောက်တစ်ရက်မှာ ရဲတွေက တရားခံကိုရှာဖွေမယ်လို့ လူမှုကွန်ယက်ပေါ်ကနေ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ချန်” ကို ကျီကျင်းစီရင်စုက ရထားဘူတာရုံတစ်ခုမှာ ဟန်နန်ပြည်နယ်ကို သွားမယ့် ရထားလက်မှတ်ဝယ်နေစဉ် ရဲတွေက ဖမ်းမိခဲ့တာဖြစ်ပါတယ်။

Red Star သတင်းမှာ ဖော်ပြချက်အရ “ကျန်း” ဟာ ဒီကိစ္စကို ရှက်တဲ့အတွက် အဲဒီအချိန်တုန်းက ရဲကို အမှုဖွင့်တိုင်ကြားခြင်း မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ သူ့ရဲ့အလုပ်ရှင် ဖြစ်သူကလည်း “ကျန်း” တိုက်ခိုက်ခံခဲ့ရတာ မှန်ပေမယ့် သူ့တို့ရဲ့ အတိတ်ကရန်ငြိုးဇာတ်လမ်းတွေကိုတော့ မသိခဲ့ပါဘူးလို့ ဆိုပါတယ်။

တရုပ်နိုင်ငံမှာ ကလေးတွေကို ရိုက်နှက်အပြစ်ပေးမှုကို ၁၉၈၆ ခုနှစ်ထဲက တားမြစ်ခဲ့ပေမယ့် ကျောင်းသားကလေးတွေကို ဆရာတွေက ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားနေတဲ့ ကိစ္စက မကြာခဏဆိုသလို ရှိနေဆဲဖြစ်ပါတယ်။

ယခုလအစောပိုင်းက လိုနင်းစီရင်စုမှာရှိတဲ့ မူလတန်းကြို ကျောင်းဆရာတစ်ဦးဟာ ကျောင်းသားတွေကို သွားကြားထိုးတံနဲ့ ခန္ဓာကိုယ်ကို ထိုးတဲ့အမှုအပါအဝင်အခြား ကိုယ်ထိလက်ရောက် စော်ကားမှုတွေအတွက် ထိန်းသိမ်းခံထားရပါတယ်။

သြဂုတ်လတုန်းကလည်း မူလတန်းကြို ကျောင်းဆရာတစ်ဦးက ကလေးနှစ်ဦးကို ဆောင့်ကန်မှု၊ ပါးရိုက်မှုတွေအပြင် နောက်ထပ်ကလေးတစ်ဦး အိပ်နေစဉ်မှာ မျက်နှာကို တက်နင်းမှုတွေအတွက် တရားစွဲခံခဲ့ရပါတယ်။


21 Dec 2018     1,458 Views




RELATED

Most Popular of International News

Most Popular of NEWS