BEC-TERO TV

ရုံးခန်းထဲ သော့ပိတ်ခံခဲ့ရတဲ့ ၅ နှစ်သားလေး လွတ်မြောက်ရန်ကြိုးစားစဉ် ၈ လွှာမှပြုတ်ကျသေဆုံး

07 Jan 2019     1,303 Views


အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးဟာ သူ့မိဘများရဲ့ ရုံးခန်းအတွင်း သော့ပိတ်မိခဲ့ပြီးနောက် လွတ်မြောက်ရန် ကြိုးစားစဉ် ရုံးခန်းရှိရာ ၈ လွှာ ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့ရမှု ဇန်နဝါရီ ၅ ရက် (စနနေ့) ညပိုင်းက စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။


ဝုလန်းဒ်ရပ်ကွက်ရှိ အထပ်မြင့်ရုံးခန်းအဆောက်အဦအောက်တွင် စနေနေ့ည ၉ နာရီအချိန်ခန့်က ကလေးတစ်ဦး လှုပ်ရှားမှုမရှိပဲ လဲကျနေခဲ့တာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာ ဆေးအဖွဲ့မှ ရောက်ရှိ စမ်းသပ်ခဲ့ပြီးနောက် ကလေးမှာ သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဖြစ်စဉ်မှာ ကလေး၏ မိဘနှစ်ပါးမှာ အဆိုပါ အဆောက်အဦတွင် ရုံးခန်းဖွင့်လှစ်ကာ သင်တန်းဖွင့်ထားကြသူများဖြစ်သည်။ စနေနေ့နံနက်ပိုင်းက ကလေးကိုပါ အိမ်ကနေ ရုံးကို ခေါ်လာခဲ့ပြီးနောက် အလုပ်လုပ်နေခဲ့ကြသည် (သင်တန်းပိတ်၍ ကျောင်းသားများမရှိ)။ ထို့နောက် ကလေးက ရုံးခန်းထောင့်တစ်နေရာတွင် အိပ်ပျော်သွားခဲ့သည်။ ညနေပိုင်း ရောက်ချိန်တွင် မိဘနှစ်ပါးက ကလေးခေါ်လာတာကို မေ့ပြီးနောက် ရုံးခန်းမီးများပိတ်၊ တံခါးသော့ခတ်ကာ အိမ်ပြန်သွားခဲ့ကြသည်။


အိမ်သို့ပြန်ရောက်တော့မှ သားဖြစ်သူ ရုံးခန်းထဲမှာ ကျန်ခဲ့ကြောင်း သတိရသွားကြပြီး ရုံးခန်းသို့ ပြန်မောင်းလာကြစဉ် ကလေးမှာ ရုံးခန်းရှိရာ ၈ လွှာ ပြတင်းပေါက်မှ လွတ်မြောက်ရန် ကြိုးစားစဉ် အောက်သို့ ပြုတ်ကျခဲ့ဟန်တူကြောင်း ရဲအဖွဲ့က ပြောကြားခဲ့သည်။

ကလေးမှာ ၄ ယောက်မြောက် အငယ်ဆုံးသားလေးဖြစ်ပြီး ယခုအဖြစ်ဆိုးအတွက် အပြစ်ရှိတယ်လို့ ခံစားရကြောင်း မိခင်ဖြစ်သူက ငိုယိုလျှက်ပြောကြားခဲ့သည်။


07 Jan 2019     1,303 Views




RELATED

Most Popular of International News

Most Popular of NEWS