BEC-TERO TV

ပိန္နဲသီးစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၁၀ မျိုး

22 Jan 2019     2,613 Views


အခုရာသီဟာ ပိန္နဲသီးပေါ်တဲ့ ရာသီဖြစ်တာကြောင့် စျေးတွေ စူပါမားကတ်တွေမှာ ပိန္နဲသီးတွေကို ပုံစံအမျိုးမျိုးနဲ့ ဝယ်ယူရနိုင်ပါပြီ။ အပင်ကြီးမျိုးဖြစ်တဲ့ ပိန္နဲသီးရဲ့ အမွှာလေးတွေဟာ ဝါဝင်းတဲ့ အဆင်းရှိသလို စားလိုက်တဲ့အခါ ချိုမွှေးပြီး ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူဖြစ်စေတဲ့ အဟာရဓာတ်တွေ ပါဝင်ပါတယ်။ ပိန္နဲသီးစားခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ - 
 
 
၁။ ကိုယ်ခံအား ကောင်းစေခြင်း
ဗိုက်တာမင်စီနဲ့ အင်တီအောက်ဆီဒင့် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖြူဥလေးတွေရဲ့ လုပ်ဆောင်ချက်ကို ပံပိုးပေးပြီး ခန္ဓာကိုယ်မှာ ပျက်ဆီးနေတဲ့ ဆဲလ်တွေနဲ့ DNA တို့ကိုပါ ပြုပြင်ပေးနိုင်စွမ်းရှိပါတယ်။
 
၂။ အသားအရေလှပခြင်း
ပိန္နဲသီးမှာပါဝင်တဲ့ ပရိုတိန်းနဲ့ ဗိုက်တာမင်စီတို့က အသားအရေကျန်းမာရေးကို များစွာအထောက်အကူပြုပြီး အသားအရေကို တင်းတင်းရင်းရင်း ရှိအောင် ထိန်းပေးနိုင်ပါတယ်။ အရွယ်မတိုင်မီ ပါးရေနားရေ မတွန့်ချင်သူများ အတွက် ပိန္နဲသီးက အထောက်အကူပေးပါလိမ့်မယ်။
 
 
၃။ သွေးအားနည်းခြင်းကို ကာကွယ်
အသားအရေဖြူဖျော့ပြီး သွေးအားနည်းသူတွေအတွက်တော့ ပိန္နဲသီးက အမှန်တစ်ကယ်အထောက်အကူဖြစ်စေပါတယ်။ သူမှာပါဝင်တဲ့ သံဓာတ်နဲ့ ဗိုက်တာမင်စီက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို မြှင့်တင်ပေးလို့ သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။
 
၄။ ခွန်အားကို မြှင့်တင်
ပိန္နဲသီးမှာ ဘေးအန္တရာယ်မဖြစ်စေတဲ့ အချိုဓာတ်ပါဝင်တာကြောင့် ခွန်အားကို မြင့်တက်စေပါတယ်။ ဆီးချိုရောဂါကြောင့် အချိုရှောင်နေရပြီး ခွန်အားနည်းနေသူတွေအတွက် ပိန္နဲသီးက ခွန်အားပြန်လည်မြှင့်တင်ပေးနိုင်လို့ အထူးသင့်လျော်ပါတယ်။
 
ဝိတ်ချသူတွေ၊ အားကစားသမားတွေ အတွက် ခွန်အားမြှင့်တင်မယ်ဆိုရင်တော့ ပိန္နဲသီး သုံးလေးမွှာလောက် စားပေးခြင်းဖြင့် လိုအပ်တဲ့ ကိုယ်ခံစွမ်းအားကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။
 
၅။ ဝမ်းမချုပ်စေခြင်း
ပိန္နဲသီးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို များစွာ အထောက်အကူဖြစ်စေပြီး ဝမ်းချုပ်ခြင်းကို မဖြစ်စေပါဘူး။ ဒါပေမယ့်လည်း အများကြီးစားတဲ့အခါမှာ အစာခြေစနစ် မနားမနေအလုပ်လုပ်ရတဲ့အတွက် ဗိုက်နာတာမျိုးဖြစ်တတ်တာကြောင့် အများကြီးတော့ မစားသင့်ပါဘူး။
 
၆။ သွေးတိုးနှင့် နှလုံးရောဂါကို လျော့ချနိုင်ခြင်း
ပိန္နဲသီးမှာ ဗိုက်တာမင်စီ အပြင် ဗိုက်တာမင်ဘီ နဲ့ ပိုတက်စီယံတို့လည်း ပါဝင်တာကြောင့် သွေးပေါင်ချိန်အတက်အကျကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါဖြစ်စေတဲ့ အန္တရာယ်ကနေ လျှော့ချပေးနိုင်ပါတယ်။
 
၇။ မျက်လုံးကျန်းမာရေး ကောင်းခြင်း
အမြင်အာရုံကြည်လင်စေဖို့ မျက်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင်အေ လည်း ပိန္နဲသီးမှာ ပါဝင်တာကြောင့် အတွင်းတိမ်ဖြစ်ခြင်း၊ ညဘက်မမြင်ရခြင်း၊ မျက်လုံးကြွက်သား အားနည်းခြင်းနဲ့ ရေတိမ် ဖြစ်ခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
 
 
၈။ အရိုးဖြောင့်တန်းသန်မာစေခြင်း
အရိုးများ သန်မာဖြောင့်တန်းစေဖို့အတွက် မဂ္ဂနီစီယံနဲ့ ကယ်စီယံတို့ ညီညွတ်မျှတစွာ အလုပ်လုပ်ရပါတယ် ဒီအတွက် အရိုးက ကယ်လ်စီယံစုပ်ယူမှုကောင်းစေရန် ထောက်ပံ့ကူညီတဲ့ မဂ္ဂနီစီယံက ပိန္နဲသီးထဲမှာ ပြည့်ဝစွာပါဝင်တဲ့အတွက် အရိုးသန်မာဖြောင့်တန်းစေရန်လည်း ကူညီပေးနိုင်ပါတယ်။
 
၉။ သိုက်ရွိုက်အကျိတ်ကို ထောက်ပံ့ပေးခြင်း
သိုက်ရွိုက် လို့ခေါ်တဲ့ အကျိတ်ဟာ လည်မျိုရဲ့အရှေ့ပိုင်းမှာ ရှိပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ထိန်းသိမ်းပေးတဲ့ ဟော်မုန်းဒြပ်တစ်မျိုး ထုတ်လုပ်ပါတယ်။ ပိန္နဲသီးမှာပါဝင်တဲ့ ဇင့်၊ မဂ္ဂနီစီယံ၊ ပိုတက်စီယံနဲ့ စီလီနီယံတို့က သိုက်ရွိုက်ကနေ ဟော်မုန်းဒြပ်ထုတ်လုပ်မှုကို ထောက်ပံ့ကူညီပေးပါတယ်။
 
၁၀။ ကင်ဆာဆဲလ်များကို ကာကွယ်
ပိန္နဲသီးဟာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်သေတွေကို ရှင်းလင်းဖယ်ရှား ပေးပါတယ်။ သူ့မှာပါဝင်တဲ့ ဗိုက်တာမင်ကေ၊ မဂနီစ် နဲ့ အစာခြေ အမြှင်ဓာတ်တွေက ကင်ဆာဖြစ်စေတဲ့ ပုံဆောင်ခဲ ဖြစ်စေနိုင်မှုအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ 
 
(ပိုပိုလေး)
 

 


22 Jan 2019     2,613 Views




RELATED

Most Popular of Health Fix

Most Popular of Life Style