BEC-TERO TV

နားမှာ အပေါက်ပါသူတွေဟာ အလွန်ထူးခြားသူများ ဖြစ်သော်လည်း အန္တရာယ်ရှိ

04 Feb 2019     3,779 Views


သင့်ရဲ့ နားရွက် ဝန်းကျင်မှာ သဘာဝအတိုင်း မွေးရာပါ အပေါက်လေးပါနေရင် အင်မတန်မှ ရှားပါတဲ့သူဖြစ်လို့ ဂုဏ်ယူလိုက်ပါတော့၊ ဒါပေမယ့် ဒီအပေါက်လေးက အန္တရာယ်လည်း ရှိနိုင်တယ်ဆိုတာ သတိထားဖို့လိုပါတယ်။
 
 
ဒီလို နားရွက်နားမှာ အပေါက်ပါသူတွေဟာ တစ်ကမ္ဘာလုံး လူဦးရေနဲ့ဆိုရင် ၂% လောက်သာ ရှိတာကြောင့် အလွန်ထူးခြားသူတွေဖြစ်ပါတယ်။ သိပ္ပံအခေါ်အဝေါ်အရ နားတွင်းပေါက်ငယ် လို့ သိထားတဲ့ အပေါက်လေးဟာ နားရွက်ရဲ့အရှေ့ပိုင်း၊ များသောအားဖြင့် နားရွက်နဲ့ မျက်နှာကြားမှာ ရှိနေတတ်ပါတယ်။
 
 
၁၈၆၄ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ သုတေသနစာတမ်းအရ ဒီအပေါက်ငယ်လေးဟာ သန္ဓေသား ၆ ပတ်၊ ဖွဲ့စည်းတည်ဆောက်နေဆဲအချိန်မှာ စဖြစ်လာတာဖြစ်ပြီး အပေါ်ယံကနေ အရိုးနုအမြှေးပါးထိ နက်ရှိုင်းတတ်ကြောင်း ဖော်ပြထားပါတယ်။ ပုံမှန်အရဆိုရင် ဒီလိုအပေါက်ငယ်လေး ဖြစ်လာဖို့မရှိပဲ ခန္ဓာကိုယ်ဖွဲ့စည်းစဉ် တစ်စုံတစ်ရာ ချို့ယွင်းခဲ့တာကြောင့် ယခုလို အပေါက်လေး ကျန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ 
 
ဇီဝပညာရှင်များရဲ့အဆိုအရ လူနဲ့ငါးသတ္တဝါဟာ အာခံတွင်းဖွဲ့စည်းပုံဆင်တူပြီး အဲဒီကနေ တစ်ဆင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဆက်လက်တည်ဆောက်ရာမှာ ငါးတွေမှာက ပါးဟပ် ပုံစံ အသွင်းပြောင်းသွားပြီး လူတွေမှာတော့ နားရွက်အဖြစ်အသွင်ပြောင်း တယ်လို့ဆိုပါတယ်။ ဒါကြောင့် နားရွက်အသွင်ပြောင်းစဉ်မှာ မှားယွင်းမှု တစ်ခုခုကြောင့်သာ အပ်ပေါက်ရာ တစ်နေရာစာလောက် အပေါက်လေး ကျန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒီအပေါက်လေးဟာ အပ်ဖျားလောက်သာ ရှိပေမယ့် လျစ်လျူမရှုသင့်ကြောင်း အထူးသဖြင့် မွေးကင်းစကလေးတွေမှာ ပိုဂရုစိုက်သင့်ကြောင်း ဆရာဝန်တွေက အကြံပေးထားပါတယ်။ အဆိုပါ အပေါက်လေးရဲ့ အတွင်းပိုင်းဟာ မွေးညှင်းပေါက်နေရာဖြစ်တာကြောင့် ချွေးဂလင်းနဲ့ အဆီဂလင်းတို့ နှစ်မျိုးစလုံး အောက်ခြေမှာ ရှိနေပါတယ်။
 
 
သာမန်အားဖြင့် ဘာမှ ပြဿနာမရှိပေမယ့် ပိုးဝင်တဲ့အခါမှာ အဲဒီအပေါက်ကနေ အနာဖြစ်ကာ ယောင်ရမ်း ပြည်တည်လာတတ်ပါတယ်။ ဒီလို ဝေဒနာရှင်တွေကို ကုသပေးခဲ့ရတဲ့အတွေ့အကြုံအရ ဒီအပေါက်ကို ခွဲစိတ်ဖွင့်ပြီးမှ ကုသရတာဖြစ်တဲ့အတွက် အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။ ဒါကြောင့်မို့ ယခုလို ထူးထူးခြားခြား မွေးရာပါ အပေါက်လေး ရှိနေသူတွေ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းပါရစေ..။
 
(ပိုပိုလေး)

 


04 Feb 2019     3,779 Views




RELATED

Most Popular of Health Fix

Most Popular of NEWS