BEC-TERO TV

ISIS နဲ့ ပူးပေါင်းဖို့ တိုင်းပြည်ကိုစုံကန်ခဲ့တဲ့ ကျောင်းသူကို ပြန်မကယ်ဟု လုံခြုံရေးဝန်ကြီးပြော

15 Feb 2019     1,287 Views


ဆီးရီးယားနိုင်ငံရှိ ISIS အဖွဲ့နဲ့ပူးပေါင်း တိုက်ပွဲဝင်ရန် အင်္ဂလန်နိုင်ငံကနေ စုံကန်ထွက်သွားခဲ့သူ ကျောင်းသူတစ်ဦးက အခုအခါ ကိုယ်ဝန်အရင့်မာကြီးနဲ့ ဆီးရီးယားတွင် ဒုက္ခပေါင်းစုံရောက်နေသဖြင့် သူမအားပြန်လည် ကယ်တင်ရန် ယူကေအစိုးရအား တောင်းဆိုလိုက်တဲ့အပေါ် အစိုးရက ပယ်ချလိုက်ပါတယ်။
 
 
လန်ဒန်အရှေ့ပိုင်းမှ ဗြိတိန်ကျောင်းသူ Shamima Begum ဆိုသူဟာ သူမအသက် ၁၅ နှစ်အရွယ် ၂၀၁၅ ခုနှစ်တုန်းက ISIS အဖွဲ့နဲ့ ပူးပေါင်းရန် ဆုံးဖြတ်ပြီး မိဘများမသိအောင် ဆီးရီးယားနိုင်ငံကို ထွက်သွားခဲ့ပါတယ်။ ဒီလို ထွက်သွားခဲ့တဲ့အတွက်လည်း နောင်တမရခဲ့ဘူးလို့ ဆိုပါတယ်။
 
 
သူမဟာ ဆီးရီးယားနိုင်ငံ ISIS တို့ရဲ့ ပိုင်နက်ဖြစ်တဲ့ Reqqathen ကို ရောက်ပြီး ၁၀ ရက်အကြာမှာပဲ ISIS ရဲ့ ဂျီဟတ်အဖွဲ့ဝင် ဒတ်ခ်ျလူမျိုး Yago Riedijk နဲ့ လက်ထပ်လိုက်ပါတယ်။ အခုဆိုရင် သူမအသက် ၁၉ နှစ် ရှိနေပြီး တတိယမြောက် ကိုယ်ဝန်ကြီးကို လွယ်ထားရပါတယ်။ 
သူမရဲ့ကလေးကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာအောင် စောင့်ရှောက်ချင်တယ်လို့ အကြောင်းပြချက်ပေးကာ ယူကေအစိုးရကို သူမအား လာရောက်ကယ်တင်ရန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။
 
သူမရဲ့ ပထမ ကလေး နှစ်ယောက်ဟာ အဖျားရောဂါ ဝင်ပြီး အစာအဟာရ မှားယွင်းပြတ်လပ်ခဲ့ရတဲ့အတွက် သေဆုံးခဲ့ရတာကြောင့် တတိယမြောက် ကလေးကို အင်္ဂလန်နိုင်ငံမှာ ဘေးကင်းကင်းနဲ့ မွေးဖွား စောင့်ရှောက်ချင်နေတာဖြစ်ပါတယ်။ 
သူမဟာ ကိုယ်ဝန်အရင့်မာကြီးနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆီရီးယားအရှေ့ပိုင်းက ISIS တို့ရဲ့ အမာခံနယ်မြေကနေ ထွက်ပြေးခဲ့ပြီး လက်ရှိမှာ ဆီးရီးယား ဒုက္ခသည်စခန်းကို ရောက်နေတာဖြစ်ပါတယ်။
 
သူမရဲ့ခင်ပွန်းဖြစ်သူက ISIS နယ်မြေမှာပဲ နေရမယ်လို့ အတင်းအကြပ်ပြောပေမယ့် ဒုက္ခသုက္ခပေါင်းစုံကို မခံနိုင်တော့တဲ့ အဆုံးမှာ ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ ပထမကလေးဖြစ်တဲ့ Jerah ဟာ ၃ လသားအရွယ်မှာပဲ ဖျားနာပြီး ဆေးဝါးမစုံလင်တဲ့အတွက် သေဆုံးခဲ့ရပါတယ်။ ဒုတိယကလေးကတော့ လွန်ခဲ့တဲ့ တစ်လလောက်မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သူတို့ရဲ့မိသားစု Baghuz ကနေ ထွက်ပြေးစဉ် လမ်းတွင်ဖျားနာပြီး ၁ နှစ်နဲ့ ၉ လအရွယ်မှာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုသူမဟာ တတိယကိုယ်ဝန်လွယ်ထားရပြီး ကလေးထပ်မံဆုံးရှုံးမှာ ကြောက်ရွံ့နေပါတယ်။
 
 
ယူကေရဲ့ လုံခြုံရေးဝန်ကြီးဖြစ်တဲ့ Ben Wallace က Shamima Begum ကို ဆီးရီးယားကနေ ပြန်လည်ကယ်တင်မှာ မဟုတ်ဘူးလို့ BBC ရေဒီယိုအစီစဉ်ကနေ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
“ကျွန်တော့်အနေနဲ့ ဗြိတိန်နိုင်ငံသားတွေကို အဖျက်သမား ဒါမှမဟုတ် အဖျက်သမားဖြစ်ခဲ့ဖူးတဲ့သူတွေနဲ့ အတူတူနေခွင့်ပေးတဲ့ စွန့်စားမှုမျိုး လုပ်မှာမဟုတ်ဘူး၊ ဒီလိုပြသနာမျိုးတွေကနေ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို နိုင်ငံရဲ့ နေရာအနှံ့မှာ ထုတ်ပြန်အသိပေးခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ”
 
နိုင်ငံထဲကနေ ထွက်ပြေးသွားခဲ့ပြီးမှ ပြန်လာချင်တဲ့လူတွေတိုင်က ဓားစားခံဖြစ်ခဲ့ကြတာ မဟုတ်ပါဘူး သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့ကြတာပါ၊ အချို့လူတွေလောက်ပဲ တကယ်ဓားစာခံဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့အနေနဲ့ မျှမျှတတဖြစ်အောင် ညှိနှိုင်းဖို့ အင်မတန်ခက်ပါတယ်။ နိုင်ငံထဲကနေ ထွက်သွားပြီး ISIS အဖွဲထဲပူးပေါင်းသွားသူတွေအနေနဲ့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာ အစိုးရအနေနဲ့ အစောကြီးထဲက ရှင်းရှင်းလင်းလင်း ကြေညာခဲ့ပြီးသားပါ” 
 
 
“အကယ်၍ ယူကေကို ပြန်လာမယ်ဆိုရင်တောင် စုံစမ်းစစ်ဆေးမှုတွေခံရမယ် အကြမ်းဖက်အဖျက်သမားဥပဒေနဲ့ တရားစွဲ အပြစ်ပေးခံရမယ်၊ ဒါတွေအားလုံး အစောကြီးထဲက ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ” 
 
“အခုကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော့်အနေနဲ့ မှတ်ချက်မပေးလိုပါဘူး၊ ဒါပေမယ့် အဲဒီမှာ မွေးဖွားခဲ့ရတဲ့ ကလေးတွေကိုတော့ သနားမိတယ်။ ကလေးတွေက ဘာမှရွေးချယ်ပိုင်ခွင့်မရှိဘူးလေ။ သူတို့တွေဟာ အဲဒီနေရာမှာ ဘဝအိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ ရွေးချယ်ခဲ့တဲ့ မိဘတွေက လူ့လောကထဲ ဆွဲသွင်းလာကြတာပါ။ အဲဒီကလေးတွေဟာ လူတွေရဲ့ မယုံကြည်မှုတွေခံရနိုင်တယ်။ အချိုတွေဆိုရင်တောင် ISIS ရဲ့ ဝါဒတွေ ရိုက်သွင်းခံထားရလောက်ပါပြီ” လို့  အမျိုးသားလုံခြုံရေးဝန်ကြီး Ben Wallace က ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
 

15 Feb 2019     1,287 Views




RELATED

Most Popular of International News

Most Popular of NEWS