BEC-TERO TV

ခြုံစောင် ဆိုင်ကယ်ဝင်ရိုးထဲရစ်ပတ်ပြီး သုံးဘီးဆိုင်ကယ်မောင်းသူ သေဆုံး

22 Feb 2019     1,937 Views


စစ်ကိုင်းတိုင်း မုံရွာမြို့တွင် သုံးဘီးဆိုင်ကယ်မောင်းနှင်သူတစ်ဦး ကိုယ်တွင်ခြုံထားသော ခြုံလွှာစောင် ဆိုင်ကယ်ဝင်ရိုးတန်းတွင် ရစ်ပတ်ပါသွားပြီး ခန္ဓာကိုယ်ကို ဆွဲချိုးချသလိုဖြစ်ကာ အင်ဂျင်နဲ့ ဦးခေါင်းရိုက်မိပြီး သေဆုံးခဲ့မှုတစ်ခု ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။
 
 
ဖြစ်စဉ်ပါ အဆိုပါနေ့ နံနက် ၆ နာရီခန့်က မုံရွာမြို့ ပြည်တော်သာရပ်ကွက်နေ အသက် (၆၅) နှစ်အရွယ် သုံးဘီးဆိုင်ကယ်မောင်းနှင်သူ ဦးဖဲညွှန့် က စကားဝါလမ်းအတိုင်း တောင်မှ မြောက်သို့ သုံးဘီးဆိုင်ကယ်အား မောင်းနှင်လာစဉ် ရာသီဥတု အေးသဖြင့် ခြုံစောင်တစ်ထည်ကို ကိုယ်ခန္ဓာပေါ်တွင် ခြုံလွှမ်းခဲ့သည်။ 
မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ စကားဝါလမ်း ၊ သာစည်ဈေးနား အရောက်တွင် ခြုံလွှာစောင် အောက်အနားစက ဆိုင်ကယ်အင်ဂျင်နဲ့တွဲထားသော လည်နေသည့် ဝင်ရိုးတွင် ငြိကာရစ်ပတ်ခဲ့ပြီး လူကို ဆွဲချသလို ဖြစ်ကာ ဆိုင်ကယ်သွားနေရင်း ထိုင်လျှက် ဦးခေါင်းနဲ့ ဆိုင်ကယ်အင်ဂျင် ရိုက်မိကြောင်း ရဲအဖွဲ့က သုံးသပ်ထားသည်။
 
 
 
ဒဏ်ရာရသွားသော ဦးဖဲညွှန့် အား မုံရွာပြည်သူ့ဆေးရုံသို့ အရေးပေါ်တင်ပို့စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ လူသေဆုံးမှုနှင့် ပတ်သက်၍ မှုခင်းဆေးပညာအရ စစ်ဆေးဆောင်ရွက်နိုင်ရန် မုံရွာနယ်မြေရဲစခန်း ယာဉ်(ပ) ၁၄/ ၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ - က အရ ယာဉ်အမှုစစ် ဒုရဲအုပ် မိုးဇော်ဦးမှ ဆောင်ရွက်လျက်ရှိသည်။
 
 
ထို့အပြင် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်မှ အလားတူ ဖြစ်စဉ်များ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရန် ဆိုင်ကယ်စီးနင်းအသုံးပြု့စဉ် ထီးဖွင့်စောင်းခြင်း ၊ စောင်ခြုံခြင်း၊ ဆံပင်ဖားလျားချခြင်း၊ ရှည်လျားသော အဝတ်အထည်များ ဝတ်ဆင်စီးနင်းခြင်းမပြု့ကြရန် ယာဉ်အသုံးပြုသူများထံ အသိပညာပေး ပြောကြားထားသည်။
 
သတင်း - ကိုတိုးကြီး(မုံရွာ)

22 Feb 2019     1,937 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS