အစ်ကို့အတွက် တစ်ချိန်လုံး ဆုတောင်းပေးနေခဲ့တဲ့ ‘နီလန်း’
04 Mar 2019 1,601 Views

မောင်နှမတွေရဲ့ အတိုင်းအဆမရှိတဲ့ ချစ်ခြင်းမေတ္တာတရားကို The Voice Myanmar Season 2 ရဲ့ Blind Audition ဒုတိယနေ့မှာ MRTV 4 ရုပ်သံလိုင်းကနေတဆင့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်ကြီး မနေ့ညက ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြရမယ်လို့ ထင်ပါတယ်။

Myanmar Idol Season 3 ရဲ့ Top 5 ထဲအထိ တက်လှမ်းနိုင်ခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှု အပြည့်အဝရခဲ့တဲ့ “နီလန်း” ကို The Voice Myanmar မှာ ရုတ်တရက်ပြန်တွေ့လိုက်ရလို့ ဝမ်းသာမိသွားပါတယ်။
တစ်ကယ်တော့ “နီလန်း”က The Voice Myanmar Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အစ်ကိုဖြစ်သူ “Nicholas Pasangma” အတွက် အဖော်အဖြစ် လိုက်လာပေးခဲ့တာပါ။
အစ်ကိုဖြစ်သူကို အောင်မြင်စေချင်တဲ့ စိတ်နဲ့ သီဆိုယှဉ်ပြိုင်နေစဉ် တစ်လျှောက်လုံး ဘုရားသခင်ကောင်းချီးပေးဖို့ ဆုတောင်းနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ပြိုင်ပွဲဝင် “Nicholas Pasangma” ဟာ ‘နီလန်း’ ရဲ့ အစ်ကိုရင်းဖြစ်ပြီး ဘန်ကောက်မြို့မှာ ဖက်ရှင်ဒီဇိုင်းပညာကို သင်ယူနေသူပါ။ တစ်ဖက်ကလည်း ငယစဉ်ထဲက ဝါသနာပါတဲ့ သီချင်းဆိုတဲ့ အနုပညာကို မစွန့်လွှတ်နိုင်တာကြောင့် The Voice Myanmar Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလို့ ဆိုပါတယ်။

“Perfect” ဆိုတဲ့ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ‘အာဇာနည်’ နဲ့ ‘နီနီခင်ဇော်’ တို့ နှစ်ဦးက ရွေးချယ်ခဲ့ကြပါတယ်။ ဘယ်နည်းပြနဲ့ လက်တွဲရမလဲဆိုတာကို ချက်ချင်းမဆုံးဖြတ်နိုင်သေးပဲ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးမှ နောက်ဆုံးမှာ ‘နီနီခင်ဇော်’ ကို ရွေးချယ်ခဲ့ပါတယ်။
သီချင်းအဆိုကောင်းတဲ့ မောင်နှမ နှစ်ဦးရဲ့ ကြည်နူးစရာပုံရိပ်တွေက The Voice Myanmar မှာ အမြဲအမှတ်တရအဖြစ်ကျန်နေရစ်မှာဖြစ်ပါတယ်။