BEC-TERO TV

Star Awards ဆုပေးပွဲကြီးမှ ကိုယ်စီနှုတ်ထွက်လိုက်ကြတဲ့ နာမည်ကြီးအနုပညာရှင်များ

18 Mar 2019     1,415 Views


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲကြီးကဲ့သို့ အနုပညာရှင်တွေအတွက် နောက်ထပ်ကျင်းပပြုလုပ်ပေးမယ့် ဆုပေးပွဲကြီးဖြစ်တဲ့ Star Awards ဆုပေးပွဲကြီးကိုတော့ ယခုနှစ် ၂၀၁၉ ခုနှစ်မှစတင်ကာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ထို Star Awards ဆုပေးပွဲကြီးမှာတော့ ၀ါရင့်အနုပညာရှင်တွေသာမက တက်သစ်စသရုပ်ဆောင်တွေအတွက်ပါ ဆုများချီးမြှင့်သွားမှာဖြစ်ပြီး ပရိသတ်ရဲ့မဲပေးရွေးချယ်မှု Voting စနစ်နဲ့ သရုပ်ဆောင်တွေကိုရွေးချယ်သွားမှာဖြစ်ပါတယ်။ မကြာခင် ဧပြီလ (၅) ရက်နေ့မှာ ကျင်းပတော့မှာဖြစ်တဲ့ Star Awards ဆုပေးပွဲကြီးအတွက် အနုပညာရှင်တွေကလည်း ရင်ခုန်နေကြသလို ပရိသတ်ကြီးကလည်း ကိုယ်ချစ်ခင်အားပေးရတဲ့ သရုပ်ဆောင်တွေဆုရရှိဖို့ အင်တိုက်အားတိုက် Vote လုပ်ကာမဲပေးနေကြပြီပဲဖြစ်ပါတယ်။

သို့ပေမယ့် ပရိသတ်တိုင်းအားပေးကြရတဲ့ နာမည်ကြီးအနုပညာရှင်တစ်ချို့ကတော့ ထိုဆုပေးပွဲကြီးကနေ တစ်ယောက်ပြီးတစ်ယောက် ကိုယ်စီနှုတ်ထွက်လိုက်ကြပါပြီ။ ပထမဆုံးကျင်းပမယ့်ဆုပေးပွဲကြီးဖြစ်တာကြောင့် စိတ်ဝင်စားလို့ပါဝင်ခဲ့ကြပေမယ့် Vote ပေးရွေးချယ်ခံရတဲ့စနစ်ကြောင့် ပရိသတ်တွေကိုငဲ့ညှာသောအားဖြင့် ကိုယ့်သဘောထားဖြင့်နှုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာ Star Awards ဆုပေးပွဲကြီးကနေ တရားဝင်နှုတ်ထွက်သွားကြတဲ့ အနုပညာရှင်တွေကတော့ နေတိုး၊ စိုင်းစိုင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ ဇဏ်ခီ၊ ခရစ်တီးနားခီနဲ့ လွှမ်းပိုင်တို့ဖြစ်ပြီး နှုတ်ထွက်ကြောင်းကိုတော့ သူ့တို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေထက်ကနေ တရားဝင်ကြေငြာထားတာပဲဖြစ်ပါတယ်။

စိုင်းစိုင်းက သူ့ရဲ့ဖေ့စ်ဘွတ်မှာ “SMS Voting ဖြင့်ဆုရွေးချယ်မယ့်ပွဲမှာ ကျနော် မပါဝင်ပါဘူးခင်ဗျာ.. ပရိသတ်များ ကျနော့်ကို Vote ဖို့မလိုပါဘူး.. Birthday Show အတွက်လုံးပန်းနေရလို့ ဒီရက်ပိုင်း Facebook လည်းသေချာမသုံးဖြစ်လို့ အခုမှ တွေ့တာပါ.. ကျနော် ကြိုလည်းမသိထားပါဘူး.. Vote ပြီးသားလူတွေကိုလည်း အားနာပါတယ်.. ကျေးဇူးတင်ပါတယ်.. အားလုံးကိုလေးစားစွာဖြင့် စိုင်းစိုင်း” ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။

နေတိုးကလည်း ပွင့်လင်းမြင်သာမှုမရှိတဲ့ Voting စနစ်ကြောင့် ဆုပေးပွဲကနှုတ်ထွက်ကြောင်းကို “Star awards ​​ရဲ့  People choice တဲ့.. ကြား​ကြားခြင်း ပရိတ်သတ်နဲ့ ​အနုပညာရှင်​တွေကြား ရင်းနှီးချစ်ခင်မှူ့​အတိုင်း​အတာကိုမြင်ရမဲ့ပွဲတပွဲဖြစ်လို့ ​ပျော်စရာ​ကောင်းတဲ့ ပွဲ​လေးတပွဲလို့ ​မြင်မိခဲ့ပါတယ်.. ဒါ​ပေမဲ့ ကျွန်တော်တို့ ​အနုပညာရှင်​တွေအားလုံးက ပရိတ်သတ်​အချစ်ကိုမြင်ရ ​ခံရရင်​ကျေနပ်ကြသူ​တွေပါ.. ပွင့်လင်းမြင်သာမှူ့မရှိတဲ့ voting စနစ်နဲ့ သူက​တော့ ​နောက်တဆင့်ကိုတက်​ သူက​တော့ bottom ထိုင်ဆိုတာမျိုး အချင်းချင်းကိုယ့်​အနုပညာကိုပြိုင်ဆိုင်ဖို့ ​လျှောက်လွှာတင်ပြီး ပြိုင်ပွဲဝင်ခဲ့သူ​များမဟုတ်ပါဘူး ခင်ဗျာ… People choice award ​အတွက်​ကျွန်တော့်ကို ​အ​​ကြောင်းကြားခြင်းမရှိခဲ့သလို ကျွန်တော်ပါဝင်ပြီး ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်​တွေ ​ငွေကုန်​ကြေးကျ​ခံ vote လုပ်​​ပေးရတဲ့ စနစ်နဲ့သွား​နေတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ Facebook စာမျက်​နှာ​ပေါ်​ရောက်မှသိခဲ့ရတဲ့​အတွက်​ ​အစထဲက ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်​နေခဲ့ခြင်းမဟုတ်လို့ နှုတ်ထွက်​တယ်ဆိုတဲ့စ​ကားမသုံးချင်​ပေမဲ့ ကျွန်တော့် ဒီ people choice award ​မှာ​ ပါဝင်ခြင်းမရှိ​တော့​​ကြောင်း ပရိသတ်​တွေကို ​အသိ​ပေးပါရ​စေ… ပရိတ်သတ်တွေရယူပေးတဲ့ဆုတိုင်းကို တမြတ်တနိုးတန်ဖိုးထားပြီး​သားဖြစ်တဲ့​အတွက်​ လက်ရှိအချိန်ထိ vote ​တွေ​အများကြီးရ​နေတဲ့​အတွက်​လဲ ပရိသတ်ကို ​ကျေးဇူးတင်ပါတယ်…ဒီပြိုင်ပွဲမှာ ကျွန်တော်ပါဝင်ခြင်းမရှိတော့ဘူးဆိုတာ ​အ​​ကြောင်း​ကြားရင်း Vote ပေးပြီးသား ထာဝရပရိသတ်များကိုလဲ ​တောင်း​ပန်ပါတယ် ခင်ဗျာ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် ဆုပေးပွဲမှာပါဝင်လာတဲ့ ညီဖြစ်သူမင်းသွေးအတွက်လည်း “မင်းသွေး popular choice award ​မှာ​ ပါဝင်ခြင်းမရှိ​တော့​​ကြောင်း မင်းသွေး ကိုယ်စားပရိတ်သတ်​တွေကို အသိပေးအပ်ပါတယ်ခင်ဗျာ ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်” ဆိုပြီး ရေးသားထားပါတယ်။

အဆိုတော်လွှမ်းပိုင်မှလည်း “Star awards people choice မှ ကျွန်တော် နှုတ်ထွက်ပါတယ်ခင်ဗျာ… ကျွန်တော်ကို အခုလို people choice မှာ ဆန်ကာတင်စာရင်းထဲထိ ထည့်သွင်းစဉ်းစားပေးတဲ့ စာနယိဇင်းဆရာ ဆရာမများနဲ့ စီစဉ်သူများကိုလညိး ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ” ဆိုပြီး နှုတ်ထွက်ကြောင်းကို ရေးသားအသိပေးထားခဲ့ပါတယ်။

သရုပ်ဆောင်သက်မွန်မြင့်ကလည်း စိတ်ဝင်စားလို့ပါဝင်ခဲ့ပေမယ့် ပရိသတ်တွေကိုပိုက်ဆံသက်သက်မဖြုန်းစေချင်တာကြောင့် ဆုပေးပွဲကနေနှုတ်ထွက်လိုက်ကြောင်းကို “ ဒီ Star Awards ရဲ့ People Choice ဆု ကို မွန် ရင်ခုန်ခဲ့ပါတယ်… ကိုယ့်ကို ချစ်တဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အင်အားကိုပါ မြင်ရမှာထုတ်ပြခွင့်ရမှာဆိုပြီးတော့ပေါ့! ခုတော့ နှုတ်ထွက်လိုက်ပါပြီနော်!!! Voting စနစ်မှာ sms တစ်စောင် ၁၅ ကျပ် ဆိုတဲ့ ငွေပေးစနစ် ပါလာတာဖြစ်တဲ့တွက် မွန့်ကို ချစ်တဲ့သူတွေရဲ့ ပိုက်ဆံမဖြုန်းချင်ပါဘူး...မွန် ချစ်တဲ့ ပရိသတ်တွေတိုင်းရဲ့ ၁၅ကျပ်ကို တန်ဖိုးထားလို့ အဲ့ဒီဆုမလိုချင်တော့ပါဘူးနော်.. ၁ စောင် ၁၅ ကျပ်နဲ့ မရပ်ပဲ အကန့်သတ်မဲ့ဆိုတော့ ပိုပြီး မလိုလားပါဘူး.. မွန့် ကို ချစ်တဲ့သူတွေဘက်က ခံစားမှုသက်သက်ပါ... ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ စိတ်မရှိပါဘူးရှင်.. အမုန်းလည်း မပွားကြပါနဲ့ဦး.. ချစ်ခြင်းတွေနဲ့ Vote ပြီးသားဖြစ်တဲ့ ချစ်ရတဲ့သူတွေကိုလည်း တောင်းပန်ပါတယ်ရှင်.. ခုချိန်ထိ အနိုင်ရနေတာလေးတွက်လည်း ကျေးဇူးအထူးတင်ပါတယ်လို့” ဆိုပြီး သူမကိုချစ်ပေးတာနဲ့တင်ကျေးဇူးတင်ရပါကြောင်း ရေးသားပြောကြားထားတာဖြစ်ပါတယ်။

သရုပ်ဆောင်ပြေတီဦးကလည်း “ကျွန်တော်နှင့် အူဝဲ STAR AWARD , people's choice မှာ ပါဝင်ခြင်းမရှိတော့ပါခင်ဗျာ.. ကျွန်တော်တို့နှစ်ယောက်ကို ချစ်ခင်အားပေးကြသော ပရိသတ်များ ဆက်လက်ပြီး vote မလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ” ဆိုကာ ပိုက်ဆံအကုန်ခံကာ Vote တွေထပ်မပေးကြတော့ဖို့ အသိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

သရုပ်ဆောင်ဇဏ်ခီနဲ့ ခရစ်တီးနားခီတို့ကတော့ ပရိသတ်တစ်ယောက် မဲပေးဖို့မတွေ့တော့လို့ ရေးသေားမေးမြန်းရာမှာ ဆုပေးပွဲကနေ ဇနီးမောင်နှံနှစ်ယောက်လုံး နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်းကို ဇဏ်ခီက ကောမန့်ပြန်ရေးသားအသိပေးခဲ့တာပဲဖြစ်ပါတယ်။

နာမည်ကြီးအနုပညာရှင်တစ်ချို့ကတော့ ဆုပေးပွဲကြီးကနေ တရားဝင်နှုတ်ထွက်သွားကြပေမယ့်လည်း မသိသေးတဲ့ပရိသတ်တွေက သူတို့ချစ်ခင်အားပေးရတဲ့ အနုပညာရှင်ဆုရဖို့အတွက် Vote တွေပေးနေကြဆဲဖြစ်ပါတယ်။ 

(ပိုပိုလေး)


18 Mar 2019     1,415 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment