BEC-TERO TV

ပူပြင်းလွန်းတဲ့ နွေရာသီမှာစားသုံးသင့်တဲ့အစားအစာများ

25 Mar 2019     1,374 Views


ရာသီဥတု ပူနေပြီဆိုရင် ဗိုက်ခဏတိုင်းစာတတ်တဲ့ အကျင့်လေးတွေတော့ လူတိုင်းမှာရှိပါတယ်နော်။ နေပူထဲ သွားပြီးပြန်လာတဲ့အခါမှာ ကျွန်တော်တို့ ကိုယ်ခန္ဓာဟာ အနုတ်လက္ခဏာပြကြပါတယ်။ ဥပမာ ခေါင်းကိုက်လာတာမျိုး၊ မျက်စိတွေကျိန်းပြီးစပ်လာတာမျိုး တို့ဖြစ်တတ်ကြပါတယ်။ ဒါဟာ ရာသီဥတု ပူပြင်းလွန်းလို့ ရေဓာတ်ချို့တဲ့ တဲ့သဘောတွေပါပဲ။ ဒီမှာ မိတ်ဆွေတို့အတွက် ပူပြင်းလှတဲ့ နွေရာသီကို ကျန်းမာရေးနဲ့ သင့်တင့်မျှတအောင် ဘယ်လိုအစားအစာမျိုးတွေ ရွေးချယ်စားသုံးမလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

အရွက်သုပ်များ

အသုပ်ဆိုတာကလဲ ကျန်းမာရေးနဲ့ညီညွှတ်မျှတတဲ့ ဗီတာမင် အီး ကြွယ်ဝတဲ့ အရွက်များကို ပါဝင်တဲ့အရာဖြစ်ပါတယ်။ မြင်းခွာရွက်သုပ်၊ ဆလပ်ရွက်သုပ်၊ မြူရွက်သုပ်၊ ဟင်းနုနွယ်ရွက်သုပ်တွေ စားသုံးတာအကောင်းဆုံးပါပဲ။ အသုပ်မှာပါဝင်တဲ့ ဗီတာမင် အီးဟာ စိတ်ပင်ပန်းနွမ်းနွယ်မှုတွေကို လျော့ချစေနိုင်ပြီး ခန္ဓာကိုယ်တွင်းအပူချိန်ကို ညီညွှတ်မျှတအောင် ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။

အသီးဖျော်ရည်

နွေရာသီဟာ ချွေးအများကြီးထွက်လို့ အလွယ်တကူ အားအင်ကုန်ခမ်းစေတဲ့ ရာသီဆိုလဲ မမှားပါဘူး။ အားအင်ကုန်ခမ်းတာမြန်လို့ ခဏတိုင်းဗိုက်ဆာစေပါတယ်။ ရေဓာတ်နဲ့ တခြားအာဟာရဓာတ်တွေအများအပြားပါဝင်တဲ့ အသီးဖျော်ရည် တစ်ခွက်ကိုသာသောက်လိုက်ရင် သင့်ကို အလွယ်တကူ ပြည့်ဝသွားစေမှာပါ။ အသီးဖျော်ရည်တစ်ခွက်မှာပါတဲ့အမျှင်ဓာတ်ဟာ သင့်ကို ဗိုက်ပြည့်သွားသလိုခံစားရစေမှာဖြစ်ပြီး အလွယ်တကူ ဗိုက်ဆာစေတော့မှာမဟုတ်ပါဘူး။ အမျှင်ဓာတ်ကြွယ်ဝတဲ့  အသီးအနှံ များကတော့ ထောပတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ သရက်သီး၊ ပန်းသီးတို့ပဲဖြစ်ပါတယ်။

ရာသီပေါ်သီးနှံများစားသုံးပါ

ရာသီပေါ်သီးနှံများလို့ ပြောတာနဲ့ နွေရာသီမှာဘယ်အသီးအနှံတွေအများဆုံးထွက်သလဲ ဆိုတာ အထူးတလည်ပြောပြနေစရာလိုမယ်မထင်ပါဘူး။ ရေဓာတ်အများအပြားပါဝင်တဲ့ ဖရဲသီး၊ အချဉ်အရသာရှိတဲ့ သရက်သီး တို့ လှိုင်လှိုင်ပေါများတဲ့ ရာသီပါပါပဲနော်။ လူတစ်ယောက်ဟာ သူ့ရာသီနဲ့သူ ပေါ်တဲ့အသီးအနှံတွေကို စားသုံးပေးတာက အကောင်းဆုံးပါပဲ။ သရက်သီးပေါ်ချိန်မှာ သရက်သီး၊ ဖရဲသီးပေါ်ချိန်မှာဖရဲသီး၊ မာလကာသီးပေါ်ချိန်မှာ မာလကာသီးစားပေးရမှာပါ။ ဆောင်းရာသီနဲ့ မိုးရာသီလို အချိန်အခါမျိုးတွေမှာလဲ သရက်သီးတွေရရှိနေပေမယ့် သဘာဝအတိုင်း အသီးမဟုတ်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ သူ့ရာသီနဲ့ သူ့အချိန်အခါမှာ ပေါ်တဲ့ အသီးအနှံကို စားသုံးခြင်းကသာ သင့်ကျန်းမာရေးအတွက်အကျိုးဖြစ်ထွန်းစေမှာပါ။
 
ဒီလောက်ဆို ပိုပိုလေး ပရိတ်သတ်ကြီးလဲ ပူလောက်အိုက်စက်တဲ့ နွေရာသီ အချိန်အခါသမယမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို အစားအစာမျိုးတွေရွေးချယ်စားသုံးသင့်လဲဆိုတာ သိလောက်ပြီထင်ပါတယ်။ အားလုံးပဲ ကျန်းမာရေးနဲ့ ညီညွှတ်မျှတသူများဖြစ်ကြပါစေလို့ ပိုပိုလေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
 
(ပိုပိုလေး)

25 Mar 2019     1,374 Views




RELATED

Most Popular of Health Fix

Most Popular of Life Style