BEC-TERO TV

ခီမောင်နှံကို အညွန့်ချိုးလိုက်တယ်လို့မြင်တယ်လို့ သူမရဲ့ခံစားချက်ကို ပြောပြလာတဲ့ သက်မွန်မြင့်

01 Apr 2019     1,604 Views


ချစ်သက်လို့ ပရိသတ်တွေကချစ်စနိုးခေါ်ကြတဲ့ မင်းသမီးလေးသက်မွန်မြင့်ကတော့ နှစ်ပေါင်းများစွာအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူပါ။ စကားပြောရင် အသံဝဲ၀ဲလေးနဲ့ အေးအေးတည်ငြိမ်စွာပြောဆိုတတ်သူလေးဖြစ်ပြီး အနုပညာပိုင်းမှာရော၊ လူမှုရေးပိုင်းမှာပါ သတင်းအရှုပ်အရှင်းကင်းသူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စံပြမင်းသမီးကောင်းတစ်ယောက်ဖြစ်နေတာဖြစ်ပါတယ်။ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေနဲ့အတူ အကယ်ဒမီဆုကြီး ၂ ဆုကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

သက်မွန်မြင့်ဟာဆိုရင် လတ်တလောဖြစ်ပျက်နေတဲ့ အကယ်ဒမီဆုပေးပွဲကြီးရဲ့ ဂယက်နဲ့ပတ်သက်လို့ သူမရဲ့ခံစားချက်တွေကို ထုတ်ပြောလာပါတယ်။ အကယ်ဒမီဆုပေးပွဲကြီးမှာ ပရိသတ်တွေအားလုံးမျှော်မှန်းထားကြတဲ့ ခီမောင်နှံနှစ်ယောက် အကယ်ဒမီဆုကြီးတွေနဲ့ လွဲချော်သွားခဲ့ရတာနဲ့ပတ်သက်ပြီး ကြိုးစားသူတွေကို အညွန့်ချိုးလိုက်တယ်လို့မြင်မိတယ်ဆိုကာ သူမရဲ့ခံစားချက်တစ်စိတ်တစ်ပိုင်းကို မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။

သက်မွန်မြင့်က ခီမောင်နှံနဲ့ပတ်သက်ပြီး သူမရင်ထဲကခံစားချက်ကို “နိုင်ငံခြားမှာ ဒီလိုပညာတွေသင်ကြားလာတယ်၊ ရုပ်ရှင်လုပ်ငန်း ရုပ်ရှင်အကြောင်းကို သေသေချာချာစနစ်တကျ သင်ယူတတ်မြောက်ပြီးတော့မှ ဒီဘက်ကိုယ့်ရဲ့နိုင်ငံကိုပြန်လာပြီးတော့ သူတို့ကြိုးစာပြတယ် လက်စွမ်းပြတယ်။ တကယ်လဲ သူတို့ကိုပရိသတ်ကလက်ခံတယ်ဆိုတော့ အဲ့တာတွေကို အားပေးအားမြှောက်မလုပ်ပဲနဲ့ အညွန့်ချိုးလိုက်တယ်ဆိုတာမျိုးတော့ ခံစားရတယ်။ အဲ့လိုမျိုးတော့ မဖြစ်စေချင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လဲရုပ်ရှင်လောကသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့မြန်မာ့ရုပ်ရှင်လောကကို ဒီလိုမျိုးပရိသတ်တွေက ဆဲဆိုနေတာမျိုး၊ အထင်အမြင်သေးတာမျိုး၊ စော်ကားနေတာမျိုး မဖြစ်စေချင်ဘူး။ တကယ်တိုးတက်စေချင်တယ်။ သူတို့ပြောတဲ့ အဆင့်အတန်းမြင့်ဖို့ နိုင်ငံတစ်ကာမှီဖို့ ကမ္ဘာကျော်ဖို့တို့ အများကြီးသူတို့ပြောတယ်။ ဒါပေမယ့်လက်တွေ့လုပ်ဖို့လိုတယ် ဒီလိုပြောနေလို့မရဘူး တကယ်သူတို့လုပ်ပေးနိုင်ဖို့လိုတယ်လို့မြင်တယ်၊ ဒါက ဒီရုပ်ရှင်လောကသားတစ်ယောက်အနေနဲ့ ရုပ်ရှင်ကိုတကယ်ချစ်လို့ ကိုယ်ဥာဏ်မှီသလောက်လေးပြောကြည့်တာပါ၊ လူကြီးတွေကို စော်ကားတာတော့မဟုတ်ပါဘူး” ဆိုကာသူမရဲ့ခံစားချက်နဲ့အတူ သူမရဲ့အမြင်ကိုလဲ ဖွင့်ဟသွားပါတယ်။

"တကယ်လို့ သူတို့သာဖောရှောဆိုရင် ဖယ်ချင်ဖယ်ပေါ့နော်။ အခုကတကယ်လဲ သူတို့ပြောင်းလဲပစ်နိုင်တယ်၊ သူတို့ရဲ့အရည်အချင်းကို ပြနိုင်တယ်။ ပြတဲ့အချိန်မှာလဲ အများကြီးလည်းပြောင်းလဲတယ်၊ အများကြီးလဲ ပရိသတ်တွေကလက်ခံတယ်။ နောက်ပြီးပရိသတ်တွေဆိုတာက အခုချိန်မှာ သူတို့ရဲ့ခံစားနိုင်စွမ်း၊ အတွေးအခေါ်တွေက အများကြီးကျယ်ပြန့်နေပြီ အများကြီးမြင့်နေပြီဆိုတော့ သိတာပဲဘယ်သူတော်တယ်၊ မတော်ဘူးဆိုတာ သူတို့မြင်နေရပြီလေ။ ကိုဇဏ်ခီတို့ကလဲ ဒါကိုပညာတွေသင်ပြီးတော့ သူတို့ချပြတော့လဲ တကယ်ပဲသူတို့အရည်အချင်းကိုမြင်ရတယ်ဆိုတော့ ကောင်းနေတဲ့ဟာကိုတော့ အားပေးအားမြှောက်လုပ်ရမှာပေါ့” ဆိုကာ သူမရဲ့ထင်မြင်ယူဆချက်ကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။

သူမအနေနဲ့ ခီမောင်နှံအပေါ်အားကျရတဲ့အချက်တွေကိုလဲ ယခုလိုပဲပြောပြသွားခဲ့ပါသေးတယ်။ “သူတို့က အရမ်းကြိုးစားတယ်၊ တကယ်လဲစိတ်နှစ်တယ် ဒါဆိုဒါပဲ ပြတ်သားတယ်၊ တကယ်တမ်းသူတို့လဲ ကလေးအဖေ၊ အမေတွေပဲ။ ဒါပေမယ့်သူတို့ Drama မလုပ်ဘူး၊ သူတို့လုပ်စရာရှိတာကိုပဲ လုပ်တယ် လုံးဝပြတ်သားတယ်။ သက်မွန်တို့ဆို Drama များတယ်လေ အိမ်ကိုလွမ်းတယ်၊ ကလေးကိုလွမ်းတယ်၊ ဘာညာ။ သူတို့ဆိုပိုဆိုးတယ် မိသားစုကမရှိဘူး သူတို့နှစ်ယောက်ပဲ ကလေးကိုဒီလိုပဲထားတယ် ဒါပေမယ့် Drama လုံးဝမရှိဘူး အလုပ်ကိုပြတ်သားတယ်၊ အလုပ်ကိုကြိုးစားတယ်၊ ဒီဟာကိုပဲလုပ်တယ်ဆိုတော့ အဲ့လိုမျိုးသဘောကျတဲ့အပိုင်းတွေတော့ရှိတယ်” လို့ဆိုပါတယ်။ ဆက်လက်ပြီး သူမနဲ့လက်တွဲလုပ်ဖို့ထပ်မံကမ်းလှမ်းလာရင်လဲ ဇတ်ကောင်အပေါ်နှစ်ခြိုက်မှုရှိတယ်ဆိုရင် ဆက်လက်လက်တွဲလုပ်သွားချင်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

သက်မွန်ကတော့ ဒါရိုက်တာခရစ်တီးနားခီရိုက်ကူးတဲ့ Deception (ဥပါယ်တံမျဉ်) ရုပ်ရှင်ဇာတ်ကားမှာ မင်းသားဇဏ်ခီ၊ မင်းဦး၊ အောင်မြင့်မြတ်၊ ထိုင်းမင်းသမီးလေး ခါရာဗီတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုဇတ်ကားဟာဆိုရင် ၃ လတိတိရုံတင်ပြသခဲ့ရတဲ့ ဇတ်ကားကောင်းတစ်ကားဖြစ်ပြီး ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။

Source_MC

(ပိုပိုလေး)


01 Apr 2019     1,604 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment