BEC-TERO TV

သမီးဖြစ်သူ ရေချိုးအပေါ့သွားနေစဉ် ရုပ်သံချောင်းရိုက်သူများအား မိခင်က အမှုဖွင့်

02 Apr 2019     10,150 Views


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် သမီးဖြစ်သူ အပေါ့သွားချိန်၊ ရေချိုးချိန်များတွင် အကြိမ်ကြိမ် ဓါတ်ပုံချောင်းရိုက်မှုဖြင့် အိမ်နီးနားချင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို မိခင်က ရဲစခန်းတွင်တိုင်ကြား အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
 
ဇင်းကျိုက်မြို့နေ မိခင်ဖြစ်သူ ဒေါ်ငွေထိန်မှ သမီးဖြစ်သူ အပေါ့သွားနေသည်ကို ဓာတ်ပုံခိုးရိုက် သူများအား နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂလိကဆိုင်ရာလုံခြုံမှုကို ကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့် မတ် ၃၁ ရက်၊ ညနေပိုင်းက အမှုဖွင့်ထားကြောင်း ပေါင်မြို့မ ရဲစခန်းမှ သိရှိရသည်။
 
“တရားလိုရဲ့ တိုင်တန်းချက်အရတော့ သူ့သမီးသေးပေါက်တဲ့အချိန်မှာ ဓာတ်ပုံချောင်းရိုက်တယ်ပေါ့။ ပြီးတော့ ရေချိုးချိန်တွေ အပြင်ကပြန်လာတဲ့အချိန်တွေ ရိုက်တယ်ဆိုပြီး အမှုလာဖွင့်ထားတာ၊ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ဆက်လက် စစ်ဆေးသွားရမှာပါ။ မျက်မြင်သက်သေအခြေနေကိုလည်း မေးမြန်းစစ်ဆေးရဦးမှာပါ။ စစ်ဆေးလို့ ပေါ်ပေါက်တယ်ဆိုရင်တော့ ဥပဒေအရ အရေးယူရမှာပါ” ဟု ဇင်းကျိုက်နယ်မြေရဲစခန်းမှူး ရဲအုပ် ရဲလင်းနောင်က ပြောသည်။
 
ဖြစ်စဉ်တွင် ဒေါ်ငွေထိန် ၄၅ နှစ်မှ ပေါင်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းရာတွင် တစ်လမ်းတည်းနေသူ ဦးလှစိန် (အသက်၊ အဘ) စုံစမ်းဆဲနှင့် အမျိုးသမီတစ်ဦး (စိစစ်ဆဲ) တို့ ၂ ဦးမှ သမီးဖြစ်သူအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၊ ရက်မမှတ်မိ၊ ညအချိန်တွင် အိမ်သာဘေး အပေ့ါထိုင်သွားနေစဉ် ချောင်းမြောင်းကာ ဓာတ်ပုံရိုက်ခဲ့သည့်အပြင် သမီးဖြစ်သူ ရေချိုးတိုင်း အခါအခွင့်သင့်ပါက ဓာတ်ပုံရိုက်ခြင်း၊ အပြင်မှ ပြန်လာတိုင်း ဓာတ်ပုံချောင်းရိုက်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်လာသည့်အတွက် သမီးဖြစ်သူ၏ အပျိုဂုဏ်နှင့် လုံခြုံမှုကို ထိခိုက်စေသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
 
 
ဖြစ်စဉ်ပတ်သက်၍ တရားလို ဒေါ်ငွေထိန်၏ တိုင်တန်းမှုအရ ပေါင်မြို့မရဲစခန်းမှ ဦးလှစိန်ပါ ၂ ဦးအား (ပ) ၁၁၆၁/ ၂၀၁၉၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ အရ အမှုဖွင့်ထားကြောင်း သိရသည်။
 
သတင်း - အောင်မြင့်ထွန်း
 

02 Apr 2019     10,150 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS