BEC-TERO TV

ပညာရေးလောကသားများကြား ဂယက်ထစေခဲ့တဲ့ “ကျွန်မကမဟေသီ” ဇာတ်လမ်းတွဲ

03 Apr 2019     1,941 Views


MRTV 4 မှာ ထုတ်လွှင့်ပြသလျှက်ရှိပြီး လူကြိုက်များနေတဲ့ “ကျွန်မကမဟေသီ” ရုပ်သံဇာတ်လမ်းတွဲရဲ့ အပိုင်း ၃၂ မှာ ပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်း တစ်ခန်းကြောင့် အခြေခံပညာရေး ဆရာ၊ ဆရာမ လောကသားများကြားမှာ ဂယက်ထပြီး  ဇာတ်ညွှန်းဖန်တီး တင်ပြမှုတွေအပေါ် ဝေဖန်မှုတွေ ဖြစ်ပေါ်နေပါတယ်။
 
 
ဧပြီလ ၂ ရက်နေ့ (မနေ့ည)က ထုတ်လွှင့်ခဲ့တဲ့ “ကျွန်မကမဟေသီ အပိုင်း (၃၂)” မှာ ပါဝင်တဲ့ အခြေခံပညာကျောင်းမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ ကျောင်းဆရာမ တစ်ဦးက ကျောင်းသားတွေကို အိမ်စာအခေါက် ၂၀ ရေးဖို့ အိမ်စာပေးပုံဟာ ယနေ့ခေတ်သင်ကြားရေး ပုံစံကို မလေ့လာပဲ ဇာတ်ညွှန်းရေးဆရာက သူဖြတ်သန်းခဲ့ရဖူးဟန်တူတဲ့အခြေအနေနဲ့ မှန်းသမ်း ရေးလိုက်တာဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
 
 
ဒီထက်ပိုဆိုးတာကတော့ ပစ္စည်းပျောက်ကို အတင်းရှာဖွေတဲ့ ပုံစံနဲ့ ကလေးတစ်ယောက်ရဲ့ လွယ်အိတ်ထဲမှာ တွေ့တော့လည်း အကျိုးအကြောင်း သေချာမေးမြန်း မစုံစမ်းပဲ မိဘကို တိုင်စာပို့တဲ့ ဇာတ်ဝင်ခန်းတွေဟာ အခြေခံပညာရေးလောကကို ဂုဏ်သိက္ခာကျဆင်းအောင်၊ ပရိသတ်ပြောစရာဖြစ်အောင် ရိုက်ပြနေတာမျိုးဖြစ်လို့ ဒီလိုမျိုး ဆရာ၊ ဆရာမတွေ သိက္ခာကျစေမဲ့ ဇာတ်ဝင်ခန်းမျိုး မရိုက်ကြဖို့၊ ရိုက်မယ်ဆိုပါက စနစ်တကျလေ့လာပြီးမှ ရိုက်ကူးကြဖို့ ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။
 
 
ဇာတ်လမ်းသဘောအရ အထင်အမြင်လွဲအောင် လုပ်လိုတာ မှန်ပေမယ့် ဇာတ်လမ်းနဲ့ မသက်ဆိုင်တဲ့ တစ်ကယ့်အပြင်လောက ကလူတွေရဲ့  ဂုဏ်သိက္ခာနဲ့ အသက်မွေးဝမ်းကြောင်းတွေကို ဒီလိုပြကွက်တွေက ထိခိုက်စေတယ်လို့လည်း ဝေဖန်ပြောဆိုနေကြတာကို တွေ့ရပါတယ်။
 
 
သျှင်မရဲ့ ဝတ္ထု “ကျွန်မကမဟေသီ” ရုပ်သံဇာတ်လမ်းတွဲကို Forever Group ရဲ့ နိယျာယန ထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်ပြီး ဒါရိုက်တာ အိအိခိုင် က ပုံဖော်ပေးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် အောင်ရေချမ်း၊ ဝင့်ယမုံလှိုင်၊ သံသာမိုးသိမ့် တို့က အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပြီး ဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ ရဲအောင်၊ မေသဉ္ဇာဦး၊ ဇော်ဦး နဲ့ ဇင်မျိုး တို့က ဇာတ်လမ်းကို ပံ့ပိုးကူညီထားပါတယ်။ 
 
ဓါတ်ပုံ - MRTV4, PyonePlay

03 Apr 2019     1,941 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS