BEC-TERO TV

ယောင်နောက်ဆံထုံးပါဆိုသလို အောင်သူ့နောက်ကိုလိုက်ကာ ထိုင်းနိုင်ငံမှာသွားနေတော့မယ့် ပိုးအိအိခန့်

03 Apr 2019     1,776 Views


သရုပ်ဆောင်ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားတစ်ဦးဖြစ်သူ အောင်သူတို့ကတော့ ရွှေလက်တွဲကာနှစ်ယောက်တစ်ဘ၀လေးကို ထူထောင်လိုက်ပြီဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ပေါ်ကနေစတင်သိရှိခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ အွန်လိုင်းဂိမ်းတစ်ခုကိုကစားရင်း ချစ်သူတွေဖြစ်ခဲ့ကြရာမှ ယခုဆိုရင် အိမ်ထောင်ဖက်တွေဖြစ်လို့သွားပါပြီ။

အချစ်ကြောင့်သာ ရွှေလက်တွဲခဲ့ကြတဲ့ အောင်သူနဲ့ပိုးအိအိခန့်ကတော့ တရားရုံးမှာတရားဝင်လက်ထပ်ပြီး (၉) လကြာမှ မင်္ဂလာပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲဧည့်ခံပွဲလေးကိုတော့ မတ်လ (၂၆) ရက်နေ့က ရန်ကုန်ပြည်သူ့ရင်ပြင်ရှိ Western Park Ruby မှာ ပကာသနတွေမပါတဲ့ အရိုးရှင်းဆုံးမင်္ဂလာပွဲလေးအဖြစ် ကျင်းပခဲ့တာဖြစ်ပါတယ်။ လိုက်ဖက်ညီညီနဲ့တွေ့ရတဲ့ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲပုံရိပ်တွေကြောင့်လည်း ပရိသတ်တွေက အချစ်တွေပိုခဲ့ရပြန်ပါတယ်။

ဇနီးမောင်နှံတွေဖြစ်သွားတဲ့အတွက်ကြောင့် ယောင်နောက်ဆံထုံးပါဆိုသလို အောင်သူရဲ့နောက်ကိုလိုက်ကာ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်တော့မယ်ဆိုတဲ့အကြောင်းကို ပိုးအိအိခန့်ကအင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာအောင်သူဟာ ထိုင်းနိုင်ငံရဲ့ကလပ်အသင်းတစ်ခုမှာ ၀င်ရောက်ကစားနေတာဖြစ်တာကြောင့် အောင်သူရှိရာ     ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်မှာဖြစ်တဲ့အကြောင်းကိုယခုလိုပဲပြောပြသွားခဲ့ပါတယ်။

ပိုးအိအိခန့်က “အနုပညာနဲ့ပတ်သက်ပြီးပြောရရင်တော့ ညီမတို့အနုပညာမှာလည်း ခေတ်က အရင်တုန်းကလောက် ကောင်းနေတဲ့အချိန်မဟုတ်ဘူးလေ။ နည်းနည်းအေးနေတယ်ပေါ့နော်။ အခုချိန်မှာ ညီမကအိမ်ထောင်လည်းကျသွားပြီဆိုတော့ သူ့နားမှာလိုက်နေမယ်။ သူ့အတွက်လိုအပ်တာလေးတွေ လိုက်ဖြည့်ဆည်းပေးမယ်။ ပြီးတော့အနုပညာကလည်း အလုပ်တွေပါးနေတဲ့အတွက်ကြောင့် ကျောင်းနဲ့ပတ်သက်တဲ့ ကိစ္စလေးတွေလုပ်မယ်ပေါ့နော်။ လောလောဆယ်မှာတော့ အဲဒီလိုမျိုးတွေပဲရှိပါတယ်။ အားလုံးကို စွန့်ခွာပြီးသွားတယ်ဆိုတာထက် ထိုင်းနဲ့ မြန်မာဆိုတာကလည်း သွားလို့လာလို့အဆင်ပြေနေတဲ့နေရာဆိုတော့ ကိုယ်အလုပ်ရှိရင်လည်းပြန်လာမယ်။ အလုပ်မရှိရင်လည်း သူ့အနားမှာနေမယ်ပေါ့” လို့ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် လက်ထပ်ပြီး (၉) လအကြာမှ မင်္ဂလာပွဲလုပ်ရခြင်းအကြောင်းကိုလဲ “လက်ထပ်စာချုပ်ထဲမှာ လက် မှတ်ထိုးထားတာ (၉) လလောက်ရှိပါပြီ။ သူလည်းထိုင်းမှာ အသင်းနဲ့စာချုပ်ချုပ်ရတာတွေနဲ့ မအားဘူး။ သူအားတဲ့ရက်လေးကိုစီစဉ်ရင်းနဲ့ အခုမှမင်္ဂလာဆောင်ဖြစ်တာပေါ့”လို့ ပြောပြသွားခဲ့ပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့နှစ်ယောက်ကတော့ ချစ်သူဖြစ်ပြီး ၃ နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေသက်ရောက်ခဲ့တာကြောင့် ဘ၀လက်တွဲအဖော်ရွေးချယ်ကြကာ ရွှေလက်တွဲသွားကြတာပဲဖြစ်ပါတယ်။

 

Source_Popular Journal

(ပိုပိုလေး)


03 Apr 2019     1,776 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment