မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ရေအောက်ကမ္ဘာ ငါးပြတိုက်ကြီး ဖွင့်တော့မည်
03 Apr 2019 3,074 Views

မြန်မာနိုင်ငံအတွက် ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ငါးပြတိုက်ကြီးကို ရန်ကုန်မြို့ကန်တော်ကြီးစောင်းမှာရှိတဲ့ ယခင်ငါးပြတိုက်ဟောင်းနေရာမှာ တည်ဆောက်နေပြီဖြစ်ပါတယ်။

အဆိုပါ ငါးပြတိုက်ကြီးမှာ ရေအောင်ဥမင် ပါရှိမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေအနေနဲ့ ပင်လယ်ရေအောက်ထဲ ရောက်သွားသလို ခံစားရစေမှာ ဖြစ်ပါတယ်။ Myanmar Aquariums ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေတဲ့ ငါးပြတိုက်ကြီးရဲ့ ဒီဇိုင်းကို စင်ကာပူကုမ္ပဏီ Surbana Jurong က ရေးဆွဲပေးထားတာဖြစ်ပါတယ်။

ငါးပြတိုက်ဟာ Steel Structure အမျိုးအစားဖြစ်ပြီး နှစ်ထပ်ခွဲ အဆောက်အအုံ ဖြစ်ပါတယ်။ ငါးပြခန်းပေါင်း ၂၀ ကျော်ပါဝင်ပြီး ပြည်တွင်း ပြည်ပက ငါးမျိုးစိတ်တွေ စုံလင်စွာ ပြသထားဖို့ရှိပါတယ်။ ကချင်ပြည်နယ် မေခ မေလိခမြစ်ဆုံဒေသက ငါးမျိုးစိတ်တွေ အပါအဝင် အရှ၊ အာဖရိကနဲ့ လက်တင်အမေရိက က ငါးမျိုးစိတ်တွေကိုပါ ပြသသွားဖို့ စုဆောင်းလျှက်ရှိနေပါတယ်။

ကန်တော်ကြီးဥယျာဉ် ငါးပြတိုက်နေရာဟောင်း မြေဧရိယာ ၅ ဧက ဝန်းကျင်မှာ တည်ဆောက်နေပြီး ရေအောက်ငါးပြတိုက်အတွက် သြစတြေးလျနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆောက်လုပ်နေပါတယ်။

ငါးပြတိုက် ဆောက်လုပ်ရေး စီမံကိန်းပုံစံအရ ကန်တော်ကြီး ရေပြင်ပေါ်မှာ ရေပန်းအလှများလည်း ပါဝင်မှာဖြစ်ပြီး ရန်ကုန်မြို့တော်သူ မြို့တော်သားများအတွက် အပန်းဖြေစရာ အထင်ကရနေရာလေးတစ်ခု မကြာမီဖြစ်လာတော့မှာ ဖြစ်ပါတယ်။
သတင်းကိုးကား - မြန်မာ့အလင်း
ဓါတ်ပုံ - Myanmar Aquariums







