BEC-TERO TV

သင်္ကြန်ကာလအတွင်း အထူးရထားနှင့် ဝန်ထမ်းအထူးရထားများ တိုးချဲ့ပြေးဆွဲမည်

04 Apr 2019     1,851 Views


မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလတွင် နေရပ်ပြန်သူများနဲ့ ခရီးသွားပြည်သူများ အဆေင်ပြေစေရန် ရန်ကုန်-မန္တလေး သင်္ကြန်အထူးရထားများ တို့းချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသတင်းထုတ်ပြန်ထားသည်။
 
သင်္ကြန်အထူးရထား ရန်ကုန် - မန္တလေး ခရီးစဉ်များကို ဧပြီလ(၈)ရက်နေ့မှ (၁၃)ရက်နေ့အထိနှင့် သင်္ကြန်အပြီးတွင် ဧပြီလ(၁၈) (၁၉)ရက်နေ့များတွင် ပြေးဆွဲပေးမည် ဖြစ်သည်။
 
သင်္ကြန်အထူးရထား မန္တလေး - ရန်ကုန် ခရီးစဉ်များကို ဧပြီလ(၉) (၁၀) (၁၁) (၁၃) ရက် နေ့များနှင့် သင်္ကြန်အပြီး ဧပြီလ (၁၇) (၁၈) (၁၉)ရက်နေ့များတွင် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရှိရသည်။
 
ရန်ကုန်နှင့် မန္တလေး ပြေးဆွဲမည့် သင်္ကြန်အထူးရထားများကို ညနေ ၄ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး နောက်တစ်နေ့နံနက် ၆ နာရီတွင် ခရီးဆုံးဘူတာသို့ရောက်ရှိမည်ဖြစ်သည်။ လမ်းခရီးတွင် တိုးကြောင်လေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာတို့တွင် ခတ္တရပ်တန့်ပေးသွားမည်ဖြစ်သည်။
 
 
သင်္ကြန်ပိတ်ရက်အတွင်း ဝန်ထမ်းများသွားလာမှု အဆင်ပြေစေရေးအတွက် (၁၂.၄.၂၀၁၉) ရက် နေ့တွင် နေပြည်တော်မှ ရန်ကုန်သို့ လည်းကောင်း (၁၇.၄.၂၀၁၉)နေ့တွင် ရန်ကုန်မှ နေပြည်တော်သို့ လည်းကောင်း ဝန်ထမ်းအထူးရထားကို ပြေးဆွဲပေးမည် ဖြစ်ပါသည်။
 
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း လမ်းပိုင်းများအတွက် ရထားတွဲဆိုင်း (၈)ဆိုင်းဖြင့် ရထားစီးရေ (၉၀)စီး နေ့စဉ် ပြေးဆွဲပေးသွားမည် ဖြစ်သည်။
 
 
ရထားလက်မှတ်ခများကို ယခင်စျေးနှုန်းအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ရောင်းချပေးသွားမည် ဖြစ်ပြီး လက်မှတ်ဝယ်ယူမှု အဆင်ပြေစေရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိသူများမှ အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား အမှတ်(၇)တိုင်း၊ ရန်ကုန်မှ သတင်းထုတ်ပြန်ထားသည်။
 
 

04 Apr 2019     1,851 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS