BEC-TERO TV

ကြမ်းလို့ရရင် ဒီ့ထက်တောင် ပိုကြမ်းအောင်ရိုက်ချင်တာဆိုတဲ့ ရိုတ

05 Apr 2019     1,592 Views


သရုပ်ဆောင်အဆိုတော် ရိုတကိုတော့ ပရိသတ်ကြီးအားလုံးက သိဖူးကြားဖူး ရင်းနှီးပြီးသားဖြစ်မှာပါ။ လွန်ခဲ့တဲ့နှစ်တွေက သရုပ်ဆောင်အလုပ်တွေကို လုပ်ရင်း သီချင်းတွေပါသီဆိုခဲ့တဲ့ ရိုတကတော့ ပရိသတ်တွေနဲ့အနည်းငယ် အလှမ်းကွာဝေးနေပြီး မနေ့က ဧပြီလ (၄) ရက်နေ့မှာ သူ့ရဲ့သီချင်းသစ်တစ်ပုဒ်ကို ပရိသတ်ကြီးနဲ့စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

Your Smile လို့အမည်ရတဲ့ ထိုသီချင်းကိုတော့ သရုပ်ဆောင်ပွင့်နဒီမောင်နဲ့အတူ သရုပ်ဆောင်ထားပြီး အမိုက်စား၊ အကြမ်းစားရိုက်ချက်တွေနဲ့ ရိုက်ကူးထားတာကိုတွေ့ရပါတယ်။ ရိုက်ချက်တွေက ကြမ်းလွန်းလို့ ကြည့်မိသူပရိသတ်တိုင်းက ပါးစပ်အဟောင်းသားဖြစ်ရတဲ့ထိကို ရိုတနဲ့ ပွင့်နဒီမောင်တို့နှစ်ယောက်က အပေးအယူမျှမျှနဲ့သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ “Your Smile” music video နဲ့ပတ်သက်ပြီး ကြမ်းလို့ရရင် ဒီ့ထက်တောင် ပိုကြမ်းအောင်ရိုက်ချင်တာဆိုပြီး ရိုတက အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

ရိုတက “Your Smile သီချင်းက ကျွန်တော်နဲ့ T Zeth နဲ့ဆိုထားတာပါ။ ဒီသီချင်းလေးက လူငယ်အကြိုက်ဖြစ်မယ်လို့ထင်တယ်၊ နဲနဲ Sexy ဘက်ကိုဆန်တယ်ပေါ့။ လူကြီးတွေအတွက်ကတော့ အခက်အခဲလေးတွေ၊ အဆင်မပြေမှုတွေရှိကောင်းရှိနိုင်တယ်။ ဒါ့ပေမယ့် ကျွန်တော်အထင်ပေါ့နော် လူငယ်တွေနဲ့တော့ တစ်ထပ်တည်းကျမယ်လို့ မျှော်လင့်တယ်။ ဒီသီချင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ဝေဖန်မှုကိုလည်း စောင့်နေတယ်။ အဓိကကတော့ ပွင့်နဒီမောင်နဲ့ ကျွန်တော်အမိုက်စား၊ အကြမ်းစားရိုက်ထားတာ၊ ဒါတောင်နဲနဲလျှော့ထားတာ ကြမ်းလို့ရရင် နဲနဲဒီ့ထက်ပိုပြီး ထက်ကြမ်းချင်တယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။

သီချင်းဗီဒီယိုကို လူငယ်တွေအကြိုက်ဖြစ်အောင် ရိုက်ကူးဖြစ်တဲ့အကြောင်းကိုလဲ “အခုခေတ်နဲ့လည်း နဲနဲလျော်ညီအောင် လူငယ်တွေအကြိုက်လည်းဖြစ်အောင်ဆိုပြီး ရိုက်ထားတာပါ။ ကိုယ်ကိုတိုင်ကလည်း နဲနဲ ဆက်စီဘက်ကိုပိုအားသန်တယ်။ လူကြီးတွေကို အားနာလို့သာလျှော့ထားတာ။ တကယ်တော့ ဆက်စီနဲ့ပတ်သက်ရင် လှုပ်ရှားမှုတွေကကျွန်တော့အတွက် Active ပိုဖြစ်တယ်။ တကယ်အမိုက်စား၊ အကြမ်းစားတွေရိုက်မယ်ဆိုရင် နေရာကောင်းကောင်းနဲ့၊ တကယ့်ကင်မရာမန်းအမိုက်စားတွေနဲ့ရိုက်ရင် ကျွန်တော့်ပုံစံနဲ့ဆို လုံးဝပုံကောင်းလေးတွေထွက်လာမယ်လို့ ကျွန်တော်ထင်တယ်။ သင်ဇာဝင့်ကျော်တို့ထက် ပိုကြမ်းချင်တယ်ဆိုပြီး မပွင့်နဒီမောင်ကိုပြောရတာပေါ့။ သူကလည်းတစ်ချိန်က အရမ်းအောင်မြင်ခဲ့တဲ့သူ၊ အခုလည်း ပရိသတ်ရဲ့အားပေးမှုကိုရရှိထားသူဆိုတော့ အထူးပြောစရာကိုမလိုဘူး အရိပ်လေးပြလိုက်တာနဲ့ အကောင်မြင်တဲ့သူဆိုတော့ သူလုပ်နိုင်လိမ့်မယ်ထင်လို့ ကျွန်တော်တို့လုပ်လိုက်တာ” ဆိုပြီး ဒီ့ထက်ပိုပြီး Sexy ကျအောင်ရိုက်ကူးချင်တဲ့အကြောင်းကို ပြောပြသွားခဲ့ပါတယ်။  

ဆက်လက်ပြီး ပွင့်နဒီမောင်ရဲ့ခင်ပွန်းဖြစ်သူကိုပါ အားနာမိတဲ့အကြောင်းကို “အ၀တ်အစားကတော့ မိန်းကလေးဆိုတော့ တစ်ချို့ဟာတွေအားနာလို့ သူ့ဘက်ကိုငဲ့ညှာတဲ့အနေနဲ့ နဲနဲလေးလျှော့ခိုင်းထားတာလေးရှိတယ်။ သူ့ဘက်ကသာ နဲနဲပိုပြီးရာနှုန်းပြည့်ပေးမယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း ၀တ်စုံတွေကိုရှယ်ပြင်ဆင်ထားတာ။ တကယ်တော့တစ်ချို့နေရာတွေမှာ မရိုက်လိုက်ရတဲ့ဟာတွေလဲရှိတယ် သူ့ကိုအားနာလို့။ တကယ်တော့ ဒီ့ထက်အမိုက်စားရိုက်ချင်တာ။ ကျွန်တော်အားနာတာက မပွင့်နဒီမောင်ရဲ့ခင်ပွန်းပါလာတော့လေ ဒါရိုက်တာကလည်းအားနာနေတယ် သူကလည်းမင်းသမီးဖြစ်နေတော့လေ။ ကျွန်တော်တို့ Kissing ဆွဲပြတာတွေ၊ အထင်လွဲမှားစရာအခန်းတွေရိုက်တော့ အစ်ကိုက ဘေးနားမှာထိုင်နေတော့ ကျွန်တော်တို့နှစ်ယောက်ကိုမကြည့်ပဲ ဖုန်းပဲထိုင်ပြီးကလိနေတော့ အစ်ကို့ကိုတော့ တကယ်ကိုအားနာပါတယ်။ ဘာပဲပြောပြော အနုပညာကိုချစ်တဲ့အတွက်ကို သူ မင်းသမီးကိုယူထားတာကိုး။ ဒါကိုအစ်ကို့ဘက်ကလည်း နားလည်ပေးထားတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်” ဆိုကာ ပွင့်နဒီမောင်ရဲ့ခင်ပွန်းဖြစ်သူကိုလည်း အားနာမိကြောင်းပြောကြားသွားခဲ့ပါတယ်။

ပရိသတ်ကြီးရေ အကြမ်းစားရိုက်ကူးထားတာတောင် အားမရသေးပဲ ဒီ့ထက်ကြမ်းကြမ်းရိုက်ချင်တာဆိုတဲ့ ရိုတနဲ့ပွင့်နဒီမောင်တို့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတဲ့ Your Smile ဆိုတဲ့ သီချင်းလေးကိုပါမျှဝေပေးလိုက်ပါတယ်။

 

Source_Sunday

(ပိုပိုလေး)


05 Apr 2019     1,592 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment