BEC-TERO TV

“မက်ခ်ဂရီဂေါ် “ပရိသတ်ရဲ့ဖုန်းကို လုယက်ဖျက်ဆီးမှု စီစီတီဗီရုပ်သံထွက်ပေါ်လာ

11 Apr 2019     1,438 Views


MMA သိုင်ပေါင်းစုံ ချံပီယံဟောင်း “ကော်နာမက်ခ်ဂရီဂေါ် “(MacGregor) ဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က မီယာမီရှိ ဟိုတယ်တစ်ခုရဲ့ အဝင်ပေါက်မှာ ပရိသတ်တစ်ဦးဆီက လက်ကိုင်ဖုန်းကို လုယက်ဖျက်ဆီးမှုနဲ့ တရားစွဲခံထားရပြီး အမှုရင်ဆိုင်နေရတာ တစ်လခန့်ကြာမြင့်နေပါပြီ။ 
 
 
အဲဒီနေ့က ဖြစ်စဉ်တစ်ခုလုံးရဲ့ စီစီတီဗီရုပ်သံ ထွက်ပေါ်လာပြီး ပြစ်မှုတင်ရှားပါက ထောင်ဒဏ် ၆ နှစ်နဲ့အထက် ရင်ဆိုင်ရဖို့ရှိနေပါတယ်။
 
စီစီတီဗီရုပ်သံအရ “မက်ခ်ဂရီဂေါ် “ ဟာ သူ့ကိုလက်ကိုင်ဖုန်းနဲ့ အမှတ်တရ ဓါတ်ပုံရိုက်နေတဲ့ အသက် ၂၂ နှစ်အရွယ် ‘အာမက်အယ်ဒါဇက်’ ဆိုသူရဲ့ လက်ကိုင်ဖုန်းကို ဆက်ကနဲဆွဲယူပြီး မြေကြီးပေါ်ပစ်ချကာ ဖနောင့်နဲ့ ဆောင့်နင်းချေခဲ့ပါတယ်၊ အဲဒီနောက် ဖုန်းကို ပြန်ကောက်ယူပြီး မပြောမဆိုနဲ့ ထွက်သွားခဲ့ပါတယ်။
 
အဲဒီအတွက် ‘အာမက်အယ်ဒါဇက်’ က သူ့ကို လုယက်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး အဆိုပါနေ့ညနေပိုင်းမှာပဲ “မက်ခ်ဂရီဂေါ် “ ဖမ်းဆီးခံခဲ့ရပါတယ်။
 
“မက်ခ်ဂရီဂေါ် “ ရဲ့အမှုကို ကြီးလေးတဲ့ လုယက်မှုကနေ မထင်မှတ်ပဲ မှားခဲ့တဲ့ အသေးအဖွဲအပြစ်အနေနဲ့သာ ဆုံးဖြတ်ရန် တရားခံဖက်က လျှောက်လဲထားခဲ့ပါတယ်။ သူ့ရဲ့အမှုကိုလာမယ့် အပတ်မှာ ဆုံးဖြတ်မှာဖြစ်ပြီး မီယာမီမှာ ကိုင်တွယ်ရခက်တဲ့ အမှုတစ်ခုဖြစ်လာဖို့ရှိပါတယ်။
 
 
တရားလို ‘အာမက်အယ်ဒါဇက်’ ရဲ့ တိုင်ကြားချက်မှာတော့ သူ့ဖုန်းကို “မက်ခ်ဂရီဂေါ် “ က ဆွဲယူပြီး ဖျက်ဆီးလိုက်ချိန်မှာ သူ့ကိုရန်ရှာမလားဆိုတဲ့ စိုးရိမ်စိတ်ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။
 
“သူက ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ဆန့်တန်းလာပါတယ်၊ အဲဒီအချိန်မှ ကျွန်တော်ကလည်း သူနဲ့လက်ဆွဲနှုတ်ဆက်ခွင့်ရတာကို ကင်မရာနဲ့ မှတ်တမ်းတင်ဖို့ ဖုန်းကို ကိုင်ထားပါတယ်၊ အဲဒီအချိန်မှာ သူက ကျွန်တော့်လက်ကို ဆွဲပြီး သူ့ရဲ့ညာလက်နဲ့ ဖုန်းကို ရိုက်ချလိုက်ပါတယ် တစ်ကယ့်အင်အားအပြည့်နဲ့ ကျွန်တော့် လက်ကောက်ဝတ်ကို ရိုက်ချလိုက်တာပါ၊ အဲဒီအချိန်မှာ ဖုန်းလွတ်ကျသွားပါတယ်” 
 
“သူ့ရဲ့သက်တော်စောင့်တွေက ကျွန်တော့်ကို ဆွဲထုတ်ခဲ့ပါတယ်၊ အဲဒီနောက် ဖုန်းကို ဆောင့်နင်းချေပြီး ကောက်ယူထွက်သွားတယ်” လို့ ထွက်ဆိုခဲ့ပါတယ်။
 
 
“မက်ခ်ဂရီဂေါ် “ ရဲ့ ရှေ့နေ ‘ဆမ်ရာဘင်’ ကတော့ အမှုကမပြီးသေးလို့ ဘာမှမပြောနိုင်သေးပေမယ့် သူ့ရဲ့အမှုသည် “မက်ခ်ဂရီဂေါ် “အနေနဲ့ ထောင်ကျလောက်တဲ့ထိ ဖြစ်မှာမဟုတ်ဘူးလို့ အပြည့်အဝယုံကြည်ထားတယ်လို့ ဆိုပါတယ်။ 
 

11 Apr 2019     1,438 Views




RELATED

Most Popular of Boxing

Most Popular of NEWS