BEC-TERO TV

ကိုယ့်ကို ချက်ချင်း လူအမြင်ကတ်သွားစေနိုင်တဲ့ အပြုအမူ (၁၂)မျိုး

08 May 2019     1,832 Views


ကိုယ်နဲ့ မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်အသစ်၊ နေရာအသစ်တို့မှာ မိမိရဲ့အပြုအမူကြောင့် ကိုယ့်အကြောင်းကို သေသေချာချာမသိသေးခင် ချက်ခြင်းလူတွေ အမြင်ကတ်သွားစေနိုင်တဲ့ အမူအယာ (၁၂) မျိုးကို ဖော်ပြလိုက်ပါတယ်။
 
အထူးသဖြင့် အလုပ်အကိုင် အင်တာဗျူးတွေမှာ ဒီအပြုအမူတွေကြောင့် အလုပ်ရဖို့ အခွင့်အလမ်းနဲ့ လွဲချော်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့်မို့ ဖော်ပြပါ အပြုအမူ(၁၂)မျိုးကို တတ်နိုင်သလောက် မလုပ်မိအောင် ထိန်းသိမ်းကြဖို့ အကြံပေးပါရစေ။
 
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<
 
သုတေသီတွေရဲ့အဆိုအရ လူတစ်ယောက်နဲ့တစ်ယောက် ပထမဦးဆုံးအကြိမ် စတွေ့တွေ့ခြင်း အချိန် ၇ စက္ကန့်လောက်မှာပဲ မြင်ရတဲ့ ကိုယ်နှုတ်အမူအယာတွေပေါ်မှာ မူတည်ပြီး ဒီလူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို စိတ်ထဲကနေ မှတ်ချက်ချပြီးသွားတတ်ကြပါတယ်တဲ့။ ဒါကြောင့်မို့ ဖော်ပါပြ အမူအယာ (၁၂)မျိုးကြောင့် စတွေ့တွေ့ခြင်းမှာ ကိုယ့်ကို လူတွေအထင်မြင်မလွဲသွားအောင် သတိထားဖို့လိုပါတယ်။
 
၁။ လျော့တိလျော့ရဲ လက်ဆွဲနှုတ်ဆက်ခြင်း
 
 
စိတ်ပညာရှင် William F. Chaplin ရဲ့ အဆိုအရ တစ်ယောက်နဲ့တစ်ယောက် စတွေ့လို့ လက်ဆွဲနှုတ်ဆက်ကြတဲ့အခါ လက်ကိုတင်းတင်း ဆုပ်ကိုင်တာမျိုးမဟုတ်ပဲ စတိသဘောမျိုး လျော့တိလျော့ရဲ လက်ဆွဲနှုတ်ဆက်တာဟာ တစ်ဖက်လူက ကိုယ့်ကို ရှက်တတ်တဲ့သူ၊ စိတ်လှုပ်ရှားလွယ်တဲ့သူ၊ စိတ်မပါတဲ့သူ ဒါမှမဟုတ် အဖြစ်မရှိတဲ့ လူအဖြစ် သတ်မှတ်သွားတတ်ပါတယ်။
 
လက်ဆွဲနှုတ်ဆက်တာနဲ့ ပက်သက်ပြီး နောက်ထပ်မှားလေ့ရှိကြတဲ့ အမှားတစ်ခုကတော့ လက်ကိုအကြာကြီး ဆွဲထားမိတတ်တာပါပဲ။ အပေါ်ယံကြည့်ရင် ခင်မင်လို့ ဆွဲထားတယ်လို့ ထင်ရပေမယ့် တစ်ဖက်သား အနေရခက်တတ်ပါတယ်။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်မယ်ဆိုရင် တင်းတင်းရင်းရင်း ယုံကြည်ချက်ရှိရှိ စိတ်ပါလက်ပါ နှုတ်ဆက်ပြီး လက်ကို ၂ စက္ကန့်ထက် ပိုပြီးကြာအောင် ဆွဲမထားသင့်ပါဘူး။
 
 
၂။ လက်ထားပုံမှားယွင်းခြင်း
 
 
လူအုပ်စုအများကြီးရဲ့ရှေ့မှာဖြစ်စေ စီးပွားရေးကိစ္စ အစည်းအဝေး ဒါမှမဟုတ် အလုပ်အတွက် အင်တာဗျူးသွားတဲ့အခါ ကိုယ့်ရဲ့ လက်ကို ဘယ်လိုထားရမယ်မှန်းမသိပဲ ပုံစံလွဲမှားစွာ ထားမိရင်လည်း လူတွေအထင်အမြင် လွဲစေနိုင်ပါတယ်။
 
ဒီလိုအချိန်မျိုးမှာ လက်နှစ်ဖက်ကို ကိုယ့်ရဲ့ ပေါင်ပေါ်မှာ ငြိမ်ငြိမ်လေးတင်ထားပါ။ ဘယ်သောအခါမှ ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်ထားမျိုး မလုပ်ပါနဲ့၊ ဒီအမူအယာဟာ လူတွေအမြင်မှာ တစ်ခုခုကို ထိန်ချန်လျှို့ဝှက်ထားတယ်လို့ ထင်သွားစေတတ်လို့ပါ။
 
နောက်တစ်ချက်က စားပွဲပေါ်မှာ လက်ချင်းချိပ်ပြီး တင်ထားတာမျိုးလည်း မဖြစ်ပါစေနဲ့(ကိုယ်က အကြီးအကဲဆိုရင် ပြဿနာမရှိပါ)။ ဒီလိုတင်ထားခြင်းက အခြားသူတွေကို ထိန်းချုပ်ချင်တယ်ဆိုတဲ့ သဘောမျိုးဆောင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက လက်နှစ်ဖက်ကို မိမိရဲ့ ပေါင်ပေါ်မှာ တင်ထားပါ။ တစ်ဖက်သားကို လေးစားရာလည်းရောက်လို့ လူချစ်လူခင်များပါလိမ့်မယ်။
 
 
၃။ ပီကေဝါးခြင်း
 
 
ပီကေဝါးနေရင် စကားပြောတာဟာ ကိုယ်နဲ့ရင်းနှီးပြီးသားသူတွေနဲ့ဆိုရင် သိပ်ပြဿနာမရှိပေမယ့် အခုမှ စတွေ့တဲ့ သူတစ်ယောက်နဲ့ ဆိုရင်တော့ တစ်ဖက်သားက နေရထိုင်ရခက်ပြီး အများကြီး အထင်မြင်လွဲမှားစေနိုင်ပါတယ်။
 
ဒါ့အပြင် ပီကေဝါးတာက ရင့်ကြတ်တဲ့ လူကြီးလူကောင်းပုံမပါက်ပဲ ကလေးဆန်တဲ့သူအဖြစ် တစ်ဖက်က သတ်မှတ်သွားနိုင်ပါတယ်။ အထူးသဖြင့် အလုပ်အင်တာဗျူးတွေသွားတဲ့အခါ ဒီတစ်ချက်ထဲနဲ့ အထင်မြင်သေးသွားနိုင်တာကြောင့် လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။
 
ဒါပေမယ့် ပေါ့ပေါ့ပါးပါး လူငယ်အချိန်တွေမှာတော့ ပီကေးဝါးတဲ့သူဟာ ချဉ်းကပ်ရလွယ်တဲ့သူအဖြစ် မြင်တတ်ကြပြီး မိတ်ဆွေသူငယ်ချင်းအသစ်တွေလည်း ရနိုင်ပါလိမ့်မယ်။ အချိန်အခါနေရာဒေသတော့ အရေးကြီးတာပေါ့နော်။
 
 
၄။ မျက်လုံးအကြည့် ရှောင်လွှဲခြင်း
 
 
လူမှုပေါင်းသင်းဆက်ဆံရေးမှာ အရမ်းအရေးကြီးပါတယ်။ လူတွေက သူတို့စကားပြောနေတဲ့အခါ မျက်နှာမလွှဲပဲ ကြည့်ပြီးနားထောင်နေတဲ့ သူတွေကို သဘောကျပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ၊ ပညာဉာဏ်ကြွယ်ဝသူ၊ ယုံကြည်ဖို့ကောင်းတဲ့ သူအဖြစ် မြင်တတ်ပါတယ်။
 
ဒီလိုမှမဟုတ်ပဲ သူကပဲဖြစ်စေ ကိုယ်ကပဲဖြစ်စေ စကားပြောတဲ့အခါ မျက်နှာရှောင်လွှဲ ဟိုကြည့်သည်ကြည့်လုပ်နေသူကိုတော့ ဘယ်အရာကိုမှ စိတ်မဝင်စား အလေးမထားသူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသူ၊ ခင်မင်စရာမကောင်းသူအဖြစ် မြင်ပြီး ကြာရှည်မှာ ဆက်ဆံရေး ပြိုကွဲတတ်ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်ယောက်နဲ့ မျက်နှာချင်းဆိုင်စကားပြောတဲ့အခါ သူရဲ့မျက်နှာကို တည့်တည်းကြည့်ပြီး နားထောင် ပြောဆိုဖို့ မမေ့ပါနဲ့။
 
 
၅။ ဆံပင်ကို ပွတ်သပ်ခြင်း
 
 
အထူးသဖြင့် မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ စစ်တမ်းအရဆိုရင် မိနးကလေးတစ်ယောက်ဟာ တစ်နေ့လျှင် သူ့ရဲ့ဆံပင်ကို အနည်းဆုံး ၁၈ ကြိမ်လောက် ကိုင်တွယ်ပွတ်သပ်တယ်လို့ တွေ့ရှိထားပါတယ်။ 
 
ဒါမျိုးက အလှပြင်တဲ့အချိန်မှာ ပြဿနာမရှိပေမယ့် တစ်ယောက်ယောက်နဲ့ စကားပြောနေတုန်း ဆံပင်ကို ပွတ်သပ်ကိုင်တွယ်နေမယ်ဆိုရင် တစ်ဖက်လူ အထင်လွဲမှားစရာဖြစ်တတ်ပါတယ်။ သေချာတာကတော့ သူ့ကို့အထာပေးနေတယ်လို့ ထင်ပါမယ်။ 
 
နောက်ထပ် အဓိပ္ပါယ်လွဲမှာစေတာတွေက သူ့မှာအဆင်မပြေတာတွေရှိနေတယ်၊ စိတ်လှုပ်ရှားလွယ်တယ် စတာတွေ ထင်ခံရတတ်ပါတယ်။ နောက်တစ်ချက် ဆံပင်ကို ခဏခဏ ပွတ်သတ်နေတာဟာ ဆံပင်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့်မို့ စကားပြောရင် ဆံပင်ပွတ်သပ်တတ်တဲ့ အကျင့်ရှိရင် ကြိုးစားဖျောက်ပါလို့ အကြံပေးပါရစေ။
 
 
၆။ ပြောဆိုတဲ့အကြောင်းအရာ လွဲမှားခြင်း
 
 
တစ်ယောက်နဲ့တစ်ယောက် စကားလက်ဆုံ ပြောကြရာမှာ အကြောင်းအရာလွဲမှားပြီး ပြောမိတာက နောက်ဆက်တွဲ ပြဿနာဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဖြစ်နိုင်ရင် နိုင်ငံရေး၊ ဘာသာရေး နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ကိုယ့်ရဲ့ အတွေအခေါ်တွေကို မပြောပဲ အငြင်းပွားစရာနည်းတဲ့ အခြားပျော်စရာအကြောင်းအရာတွေကိုသာ ရွေးချယ်ပြောသင့်ပါတယ်။
 
စကားပြောတဲ့အခါမှာလည်း ကိုယ်ပြောချင်တာတွေချည်း ပြောသွားမယ့်အစား အခြားသူတွေကို ပြောခွင့်ပေးပြီး ကိုယ်ကတဖန်ပြန်လည် နားထောင်ပါ။ သူများပြောတာကို ကောင်းကောင်း နားထောင်ပေးတတ်တဲ့သူကို စကားပြောကောင်းသူအဖြစ် သတ်မှတ်တတ်ပြီး ခင်မင်တတ်ကြပါတယ်။
 
 
၇။ စည်းမကျော်မိပါစေနဲ့
 
 
မိဘနဲ့သားသမီး၊ လင်နဲ့မယား၊ ညီအစ်ကို မောင်နှမ စတဲ့ အရင်းနှီးဆုံးလူတွေမှာတောင် မမြင်ရတဲ့ စည်းလေးတွေ ရှိပါတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ဒီစည်းလေးတွေကို မကျော်မိဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်အိမ်ကလူတွေကို ဆက်ဆံထိတွေ့သလိုမျိုး အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ပြောဆိုဆက်ဆံလို့ မရပါဘူး။ 
 
တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု ပက်သက်ဆက်နွယ်မှု အတိုင်းအတာပေါ်မူတည်ပြီး စည်းလေးတွေလည်း အကွာအဝေးမတူကြပါဘူး။ အရေးကြီးတာက ပြောဆိုဆက်ဆံရာမှာ ဒီစည်းလေးတွေကို မကျော်မိပါစေနဲ့။
 
အကယ်၍ လူတစ်ယောက်နဲ့ ပထမဦးဆုံး တွေ့ဆုံစကားပြောတော့မယ်ဆိုရင် အနည်းဆုံး ၄ ပေလောက်အကွာကနေ ပြောဆိုပါ။ အရမ်းကပ်လွန်းရင် အတင့်ရဲလွန်းရာရောက်သလို အရမ်းကွာဝေးလွန်းရင်လည်း အာရုံမလာဘူးလို့ ထင်သွားစေနိုင်ပါတယ်။ ဒါကြောင့် မနီးမဝေးလေးကနေ စမတ်ကျကျ ပြောဆိုဆက်ဆံပါ။
 
၈။ စိတ်အနှောက်ယှက်ဖြစ်စရာ အသံပြုခြင်း
 
 
စဉ်းစားကြည့်ပါ အခြားသူတွေပါရှိနေတဲ့ နေရာတစ်ခုခုမှာ ခြေထောက်က ကြမ်းပြင်ကို ပုတ်ပြီး စည်းချက်လိုက်တာပဲဖြစ်ဖြစ်၊ လက်ဖျောက်ခတ်တီးတာပဲ ဖြစ်ဖြစ် ဒီအပြုအမူနဲ့ အသံဟာ တစ်ပါးသူကို စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး ဒီအမူအရာမျိုးဟာ စိတ်ဂနာမငြိမ်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ သည်းမခံတတ်ခြင်း စတဲ့ အဓိပ္ပါယ်တွေအဖြစ်ပါ ကောက်ယူသွားတတ်ပါတယ်။
 
ဒါ့အပြင် ဒီလိုလုပ်နေတာဟာ ကိုယ့်ကို လူတွေသတိထားမိအောင် တမင်ရည်ရွယ်ပြီး လုပ်တယ်လို့လည်း လူတွေကအထင်မြင်မှားစေပါတယ်။
 
 
၉။ ဖုန်းကို ခဏခဏလုံး ထုတ်ကြည့်ခြင်း
 
 
ဆိုရှယ်မီဒီယာ ဖေ့စ်ဘွခ်ဖေတ်ကြီးထဲမှာ လူတွေ သူတို့ရဲ့ စမတ်ဖုန်းကို အားလုံးထက်ပိုစွဲလန်းကြတာ အဆန်းတော့မဟုတ်ပါဘူး။ စစ်တမ်းအရ လူတွေဟာ သူတို့ရဲ့ဖုန်းကို အကြောင်းမဲ့ ထုတ်ကြည့်ပွတ်ဆွဲမှုက တစ်ရက်လျှင် အကြိမ်ပေါင်း (၁၁၀) အနည်းဆုံးရှိတယ်လို့ သိရပါတယ်။
 
ဒီအကျင့်ဟာ တစ်ယောက်ထဲဆိုရင် ကိစ္စမရှိပေမယ့် အပေါင်းအသင်းတွေ၊ အစည်းဝေးတွေ၊ အခမ်းနားတွေတက်တဲ့အခါ ဒီအကျင့်အတိုင်း လုပ်နေမယ်ဆိုရင်တော့ လူတွေရဲ့ အမြင်မှာ သူတို့ကို အရေးမစိုက်ဘူးလို့ ထင်သွားတတ်ပါတယ်။ ဒါကြောင့်မို့ အရေးကြီးတဲ့ လူတွေနဲ့ တွေ့ဆုံစကားပြောရတော့မယ်ဆိုရင် ဖုန်းကို တစ်နေရာရာမှာ ခဏသိမ်းထားဖို့ မမေ့ပါနဲ့။
 
၁၀။ လူနာမည်တွေ မေ့ခြင်း
 
 
လူတစ်ယောက်နဲ့ လမ်းမှာဆုံတယ်၊ ဒီလူကို ရင်းရင်းနှီးနှီးလည်းသိတယ် ဒါပေမယ့် နာမည်ခေါ်ပြီး နှုတ်ဆက်ဖို့ ရုတ်တရက် နာမည်မေ့နေတဲ့ အဖြစ်မျိုး ကြုံဖူးကြမှာပါ။ အဲဒီအချိန်မှာ သူက ကိုယ့်နာမည်ကို ခေါ်ပြီး နှုတ်ဆက်လာတယ်။ အတော်လေးကို ဆိုးပါတယ်။ တစ်ဖက်သားက သူ့အပေါ် အလေးမထားဘူးလို့ အထင်လွဲသွားတတ်ပြီး ဆက်ဆံရေး ကျသွားတဲ့ထိအောင် ဆိုးပါတယ်။
 
အခုမှ တွေ့ပြီးမိတ်ဆက်ကြတဲ့သူဆိုရင်တော့ သူ့နာမည်ကို ချက်ခြင်းပြန်မေ့သွားမှာ သေချာပါတယ်။ ဒီလိုမဖြစ်အောင် နာမည်ပြောမိတ်ဆက်ပြီးပြီးခြင်းမှာ သူ့နည်မည်ကို နှုတ်ကရွတ်ပြီး နှုတ်ဆက်လိုက်ပါ ဒါဆိုရင် လွယ်လွယ်နဲ့ မမေ့တော့ပါဘူး။
 
 
၁၁။ နောက်ကျတတ်ခြင်း
 
 
တစ်စုံတစ်ယောက်နဲ့ ချိန်းထားပြီး အမြဲနောက်ကျတတ်တဲ့ အကျင့်ဟာ ကောင်းတဲ့ အပြုအမူအကျင့် မဟုတ်ပါဘူး။ ကိုယ့်အကြောင်း သိပြီးသားသူတွေနဲ့က ဖြေရှင်းလို့ရနိုင်ပေမယ့် အလုပ်ကိစ္စ၊ အခုမှ ပထမဦးဆုံး တွေ့မယ့်သူမျိုးဆိုရင် ကိုယ့်ရဲ့ မျက်နှာကို မမြင်ရခင်ထဲက တစ်ဝက်အမှတ်လျော့ အထင်သေးပြီးသားဖြစ်သွားပါပြီ။ ဒါကြောင့်မို့ နောက်ကျတတ်တဲ့ အကျင်ရှိရင် စောစောကြိုထွက်ဖို့ အမြဲအသင့်ဖြစ်နေပါစေ။
 
၁၂။ အဝတ်အစားအလွဲ
 
 
ပထမဦးဆုံး တွေ့ဆုံရမယ့် လူတွေနဲ့ တွေ့ဖို့သွားတော့မယ်ဆိုရင် သွားတွေ့မယ့်လူနဲ့ နေရာပေါ်မူတည်ပြီး သင့်လျော်မှန်ကန်တဲ့ အဝတ်အစားမျိုး ဝတ်သွားဖို့လိုပါတယ်။ အပေါ်ဆုံးမှာ ပြောခဲ့သလို ၇ စက္ကန့်အတွင်းမှာ ကိုယ့်ရဲ့အမူအယာပုံစံကို ကြည့်ပြီး မှတ်ချက်ပြုသွားနိုင်တာမို့ အဝတ်အစားကလည်း စကားပြောပါတယ်။
 
ဥပမာ အလုပ်အင်တာဗျူးကို တီရှပ်ဝတ်ပြီး လာတာမျိုး၊ ဝတ်လို့ရတယ်ဆိုပေမယ့် အဝတ်အစား အပြင်အဆင်ကြောင့် ပထမဆုံးတွေ့ဆုံမှုမှာတင် အရည်အချင်းမချပြရသေးပဲ အမှတ်လျော့သွားနိုင်တယ်ဆိုတာ သတိထားပါ။ ၇ စက္ကန့်အတွင်း ကိုယ့်ရဲ့ ပုံစံကိုကြည့်ပြီး မှတ်ချက်ပေးကြတဲ့အထဲမှာ ၅၅% က ကိုယ့်ရဲ့အဝတ်အစား အသွင်ပြင်ဖြစ်တာကြောင့် အရမ်းကိုအရေးကြီးပါတယ်။
 
ဖော်ပြပါ အချက် (၁၂) ချက်ကို ရှောင်ကျဉ်ခြင်းဖြင့် ကိုယ့်ထမင်း ကိုယ်ရှာစားပြီး သူတစ်ပါး အထင်သေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးခြင်း၊ အထက်လူကြီးများ အထင်မြင်လွဲမှားခြင်းမှ ကင်းဝေးကြပါစေလို့ ပိုပိုလေး မှ ဆုတောင်းပေးလိုက်ပါတယ်။

 


08 May 2019     1,832 Views




RELATED

Most Popular of Special or Others

Most Popular of Life Style