BEC-TERO TV

ပေါ်ပင်တွေကိုပဲ သတင်းလိုက်မယူဖို့ မီဒီယာတွေကို မေတ္တာရပ်ခံလိုက်တဲ့ ဖြူဖြူကျော်သိန်း

08 May 2019     1,348 Views


မြန်မာပြည်က အဆိုတော်တွေထဲမှာ တစ်မူထူးခြားတဲ့အသံစွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အသံပါဝါအားကောင်းကောင်းနဲ့ပညာသားပါပါ သီချင်းတွေကိုဟစ်ကြွေးသီဆိုလေ့ရှိတာကြောင့် ပရိသတ်အခိုင်အမာရဲ့ဝန်းရံအားပေးခြင်းခံထားရတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းကိုတော့ ကလေးအစလူကြီးအဆုံး မသိသူမရှိလောက်ပါဘူးနော်။ အောင်မြင်တဲ့ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ နှစ်အတော်ကြာနေပြီဖြစ်တဲ့ ဖြူဖြူဟာဆိုရင် အနုပညာနဲ့ပတ်သက်လာရင် အရိုးသားဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေသူဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သီချင်းတွေကိုသီဆိုတဲ့နေရာမှာလည်း ပြောင်မြောက်သလို ဖက်ရှင်ဝတ်စားမှုပိုင်းလည်း အမြဲထူးခြားဆန်းပြားနေတတ်တဲ့ ဖြူဖြူကျော်သိန်းကတော့ မြန်မာပြည်ရဲ့လေဒီဂါဂါလို့တောင် ချစ်ပရိသတ်တွေရဲ့ တင်စားခေါ်ဝေါ်ခြင်းခံရတာပါ။ (အနုပညာလောကထဲဝင်ရောက်လာတာကတော့ ဖြူဖြူက GaGa ထက်ပို၍စောပါသည်) ဒါ့ကြောင့်ပင် ပရိသတ်တွေက ဖြူဖြူကျော်သိန်းဆိုတာနဲ့ ဆန်းပြားတဲ့ဖက်ရှင်တွေကို ၀တ်စားပြီး သီချင်းတွေကို အားရပါးရသီဆိုဖျော်ဖြေတတ်သူတစ်ယောက်လို့ ပြေးမြင်မိတာပဲဖြစ်ပါတယ်။ ယခုနောက်ပိုင်း အင်တာဗျူးတွေဖြေရင်း မီဒီယာတွေနဲ့တွေ့ဆုံမှုများလာတဲ့ ဖြူဖြူကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ပေါ်ပင်တွေနဲ့ပတ်သက်ပြီး သူမရဲကသဘောထားအမြင်လေးကို ထုတ်ပြောလာပါတယ်။

အနုပညာဝမ်းစာမပြည့်ပဲ ပေါ်ပင်လုပ်ရင်းနာမည်ကြီးလာသူတွေကို ပေါ်ပင်မှာရေစုန်မမျောစေချင်တဲ့အကြောင်းကိုပြောရင်း ပေါ်ပင်လုပ်သူတွေနောက်ပဲ သတင်းလိုက်မယူကြဖို့ပါ မီဒီယာတွေကို မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ ဖြူဖြူက We media ရဲ့အင်တာဗျူးကနေတစ်ဆင့်ပြောကြားသွားတာပဲဖြစ်ပါတယ်။

ဖြူဖြူက သူမအနေနဲ့သီချင်းသံစဉ်တွေကို Copy နဲ့ Own tune ဆိုပြီး မခွဲခြားထားတဲ့အကြောင်းကို “Copy ရယ် Own tune ရယ်ဆိုပြီး ဘယ်တော့မှအဆင့်အတန်းမခွဲဘူး။ ဘာလို့ဆို သူ့ဟာနဲ့သူ တန်ဖိုးလေးတွေမတူကြဘူး၊ နှစ်မျိုးစလုံးက သူ့တန်ဖိုးနဲ့သူရှိတယ်။ ဘယ်သီချင်းကိုလုပ်လုပ် လုပ်ရတာ သူတန့်ဖိုး၊ သူ့ခက်ခဲမှုနဲ့ ပညာသားပါမှုလေးတွေရှိတယ်။ အဲ့အတွက်ကြောင့် အမက ငါကတော့ ဒါပဲဆိုမယ်၊ ဒါမလုပ်ဘူး၊ ဒါပဲအထင်ကြီးတယ်၊ ဒါမျိုးဆိုအထင်မကြီးဘူးဆိုတဲ့စိတ် လုံးဝမရှိဘူး” လို့ဆိုပါတယ်။

ပေါ်ပင်တွေဖြစ်လာရတဲ့အကြောင်းကိုလည်း “အခုက ဘာမဆိုခဏပဲခံတယ် စိတ်ဝင်စားမှုကိုလည်း ကြာကြာဆွဲဆောင်နိုင်စွမ်းမရှိတော့ဘူး၊ တစ်နေရာရာမှာ စိတ်နှစ်ထားနိုင်ခြင်းလဲ မရှိကြတော့ဘူး။ နောက်ပြီး ခေတ်ကလဲ တိုးတက်ပြောင်းလဲပြီး စိတ်ဝင်စားစရာတွေအရမ်းများလာတာလည်း ပါတယ်။ ပေါ်ပင်ကိုအရမ်းလိုက်ကြတယ် ပေါ်ပင်ကိုလိုက်ရင် ခဏတဖြုတ်တော့အရမ်းနာမည်ကြီးတာမှန်တယ်။ သီချင်းရယ်မဟုတ် ဘယ်ဟာကိုမဆို ပေါ်ပင်ကိုလိုက်ရင် ခဏတဖြုတ်တော့ ၀ုန်းကနဲနာမည်ကြီးတယ်။ အဲ့လိုနာမည်ကြီးချိန်မှာ အရမ်းအလုပ်ဖြစ်တာလဲမှန်တယ်။ ပိုက်ဆံတွေက ကိုယ့်နောက်လိုက်တာလဲမှန်တယ်။ ပေါ်ပင်ဖြစ်တာနဲ့ သေချာတည်ဆောက်ပြီးဖြစ်လာတဲ့သူနဲ့ သမိုင်းကြောင်းကွာတယ်။ ဒါပေမယ့်တည်ဆောက်ပြီးဖြစ်ရသူတွေက အချိန်ကြာတော့ ပေါ်ပင်တွေကိုကြည့်ပြီး သူတို့လဲ တစ်ခါတစ်လေစိတ်ညစ်ရှာတာပေါ့” ဆိုကာ ပေါ်ပင်လုပ်ပြီးအောင်မြင်မှုနဲ့ သေချာကြိုးစားပြီးအောင်မြင်သူတို့ကြား ကွာခြားချက်တွေကိုပြောပြသွားခဲ့ပါတယ်။

ဆက်လက်ပြီး မီဒီယာတွေကိုပါ ပေါ်ပင်တွေနောက်ပဲလိုက်ပြီး သတင်းမယူကြဖို့ကို “မီဒီယာတွေကပါ ပေါ်ပင်တွေနောက်လိုက်ပြီး ပေါ်ပင်ဆန်နေရင် လူတွေကိုရော ဘယ်လိုပညာပေးမလဲ ဘယ်လိုကူညီကြမလဲ။ တစ်ချို့တွေကကျတော့ ကိုယ်ဒီလိုလုပ်ရင်နာမည်ကြီးမယ်ဆိုတာသိလို့ နာမည်မကြီးကြီးအောင် ဒီလိုမျိုးတွေလုပ်ကြတယ်။ အဲ့နောက်ကို မီဒီယာတွေကပါ ရေလိုက်ငါးလိုက်လုပ်နေကြမယ်ဆိုရင် တကယ်ကြိုးစားနေတဲ့သူတွေခဗျာ သနားပါတယ်။ ရေစုန်မျောရချည်ရဲ့။ အဲ့တာကြောင့် အမလည်း တစ်ချို့မီဒီယာတွေ၊ လေးနက်မှုကိုတန်ဖိုးထားတဲ့ မီဒီယာတွေကို မေတ္တာရပ်ခံချင်ပါတယ်။ ခေတ်အလိုက် ပေါ်ပင်သတင်းတွေကိုလိုက်ရတယ်ဆိုတာ မှန်ပါတယ်၊ နားလည်တယ်။ ဒါပေမယ့် တစ်ဖက်ကလည်း တန်ဖိုးရှိတဲ့သတင်းတွေ၊ တကယ်ဖြစ်နေတာတွေ၊ တကယ်ကြိုးစားပန်းစား အလုပ်လုပ်နေကြတဲ့အနုပညာရှင်တွေကို သူတို့ရဲ့ဖန်တီးမှုအသစ်လေးတွေကို လိုက်ပြီးစုံစမ်းမေးမြန်းစေချင်တယ်” ဆိုပြီး ပေါ်ပင်တွေနောက်ပဲလိုက်မနေကြဖို့ မီဒီယာတွေကိုပါ မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။

 

Source_Wemedia

(ပိုပိုလေး)


08 May 2019     1,348 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment