BEC-TERO TV

‘ရွန်းနီ’ နဲ့ သူမ ကစားပုံခြင်း တူတယ်ဆိုတဲ့ ယူ၁၉ အသင်းက ‘စန်းသော်သော်’

28 May 2019     1,445 Views


လယ်ကွင်းတွေ၊ ရွံ့ညွန်စပါးကွင်းတွေထဲမှာ ကြီးပြင်းခဲ့ရတဲ့ ‘စန်းသော်သော်’ ဟာ အင်္ဂလန်ဘောလုံးအကျော်မော် ‘ဝိန်းရွန်နီ’ ကို ငယ်ငယ်ထဲက အားကျခဲ့သူပါ။ အရွယ်ရောက်လာရင် ဘောလုံးအားကစားသမား ဖြစ်ချင်တဲ့ အိမ်မက်ကလည်း မိဘတွေရဲ့ ဆန္ဒနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်ပေမယ့် ယုံကြည်ချက်အပြည့်နဲ့ မြဲမြဲဆုပ်ကိုင်ခဲ့ပါတယ်။
 
 
‘စန်းသော်သော်’ ဟာ မွေးချင်း ညီအစ်မ ၅ ယောက်ရှိပြီး ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ နေထိုင်ခဲ့ပါတယ်။ မိဘတွေက သူမကို တက္ကသိုလ် သွားစေချင်ပေမယ့် သူမကတော့ ဘောလုံးသမားပဲ အမြဲဖြစ်ချင်ခဲ့ပါတယ်။ မိသားစုတွေထဲမှာ သူမရဲ့ ဝါသနာကို အားပေးတဲ့ တစ်ဦးတည်းသော သူကတော့ သူမရဲ့အဖိုး ဘောလုံးကစားသမားဟောင်းကြီးပါ။
 
၂၀၁၆ ခုနှစ်မှာ သူမရဲ့အိမ်မက်တွေ တစ်ကယ်ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ မြန်မာလက်ရွေးစင်ဟောင်း ‘သန်းသန်းထွေး’ (ယခုဇွဲကပင်နည်းပြ) က သူမကို တွေ့ရှိခဲ့ပြီး အလားအလာကောင်းတဲ့ အစွမ်းအစရှိတာကို သတိထားမိပြီးနောက် မြန်မာ ယူ၁၄ အသင်းမှာ ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး မြန်မာ့ဘောလုံးလောကထဲကို ‘စန်းသော်သော်’ စတင်ခြေချခွင့်ရခဲ့ပါတယ်။
 
 
မြန်မာပရိသတ်တွေအနေနဲ့ အမျိုးသမီးဘောလုံးအသင်းအပေါ် ပိုပြီး စိတ်ဝင်စားလာစေချင်တဲ့ ဆန္ဒ သူမမှာ ရှိနေပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ ဂါနာ၊ ကင်မရွန်း နဲ့ ဆလိုဗက်ကီးယား တို့ရဲ့အပေါ် ကမ္ဘာ့အဆင့် ၄၄ နေရာမှာ ရှိနေပေမယ့် အခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားကြတဲ့အခါ အခက်အခဲတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။
 
အခြားနိုင်ငံက အသင်းတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ကျွန်မတို့မှာ အခက်အခဲတွေ အများကြီးရှိပါတယ်၊ သူတို့က အသက် ၇ နှစ် ၈ နှစ်လောက်ထဲက လေ့ကျင့်သင်ကြားခဲ့ကြတာပါ၊ ကျွန်မတို့ကတော့ ၁၄ နှစ် ၁၅ နှစ်မှ စသင်ကြရတယ်” လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလမှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေနဲ့ AFC အိုလံပစ် ဝင်ခွင့်မှာ တတိယအကြိမ် ယှဉ်ပြိုင်ရတဲ့ အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် မြန်မာပရိသတ်တွေက အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်တွေလောက်တောင် အမျိုးသမီးဘောလုံးအသင်းပေါ် စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။
 
ပြည်တွင်းမှာ ယှဉ်ပြိုင်တဲ့ အမျိုးသမီးပွဲတွေဆိုရင်လည်း ဘောလုံးကွင်းထဲမှာ အားပေးတဲ့သူက မရှိသလောက်ပါပဲ။
ဒါပေမယ့် ပရိသတ် တစ်ယောက်နှစ်ယောက်လောက်က ကွင်းထဲမှာ လာအားပေးတယ်ဆိုရင်ပဲ ကျေနပ်ဝမ်းသာရပါတယ်လို့ ‘စန်းသော်သော်’ က ဆိုပါတယ်။
 
 
သူမရဲ့အိမ်မက်ကတော့ ဥရောပထိသွားရောက် ကစားနိုင်တဲ့ ကစားသမားဖြစ်အောင် ဘဝတစ်ခုလုံး ဘောလုံးလောကမှာပဲ နှစ်မြုတ်ထားတယ်လို့ဆိုပါတယ်။ 
“ရွန်နီ နဲ့ ကျွန်မတူတဲ့အချက်က ပြိုင်ဘက်အသင်းကို တွန်းတွန်းတိုက်တိုက် တိုက်စစ်ဆင်တဲ့ ပုံစံပါပဲ” လို့ ဆိုပါတယ်။ အခုဆိုရင် သူမရဲ့အသက် ၁၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။
 
သတင်းကိုးကား - AFP

28 May 2019     1,445 Views




RELATED

Most Popular of Football

Most Popular of NEWS