BEC-TERO TV

HIV ရောဂါကို ဆေးခြောက်ပင်နဲ့ ကုသနိုင်ကြောင်း ကူးစက်ခံထားရသူ အခိုင်အမာပြောဆို

31 May 2019     3,831 Views


HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာ နှစ် ၂၀ ကျော်ကြာပြီဖြစ်တဲ့ ထိုင်းနိုင်ငံက လူနာအမျိုးသမီးတစ်ဦးဟာ ဆေးခြောက်ပင်က ထွက်တဲ့ အဆီနဲ့ HIV ရောဂါကို သက်သာပျောက်ကင်းအောင် ကုသနိုင်တယ်လို့ လက်တွေ့စမ်းသပ်အပြီးမှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
 
ဒီသတင်းကြောင့် ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး Piyasakol Sakolsatayadorn က အဆိုပါကိစ္စကို စမ်းသပ်စစ်ဆေးရန် သုတေသီတွေကို ညွှန်ကြားတာဝန်ပေးခဲ့ပါတယ်။
 
ဖတ်ချာဘန်း စီရင်စုက လူနာအမျိုးသမီးတစ်ဦးဟာ ဆေးခြောက်ဆီ သုံးစွဲပြီးနောက် သူမရဲ့ HIV ရောဂါလက္ခဏာ တိုးတက်လာတဲ့ ဆေးမှတ်တမ်း အပေါ် ဝန်ကြီးက မှတ်ချက်ပေးပြီး စုံစမ်းစစ်ဆေးခိုင်ခဲ့တာဖြစ်ပါတယ်။
 
ယင်းလူနာအမျိုးသမီးဟာ အရင်တုန်းကဆိုရင် ကောင်းကောင်းစကားမပြောနိုင်သလို အဖော်မပါပဲနဲ့ တစ်ယောက်ထဲ လမ်းမလျှောက်နိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ဆေးခြောက်ဆီ သုံးစွဲပြီး သုံးပတ်အကြာ နောက်ပိုင်းမှာတော့ ကိုယ်ထူကိုယ်ထ သွားနိုင်လာနိုင်ပြီး နေ့စဉ်လုပ်နေကျ အလုပ်တွေကို တစ်ယောက်ထဲ အမှီခိုကင်းကင်းနဲ့ လုပ်ကိုင်လာနိုင်တယ်လို့ ဆိုပါတယ်။
 
ဒီအချက်လက်တွေကို အခြေခံပြီး ဝန်ကြီးက လူထုကျန်းမာရေးဌါနရဲ့ အမြဲတမ်းအတွင်းဝန်ကို ဆေးခြောက်ရဲ့ အာနိသင်နဲ့ HIV ဗိုင်းရပ်စ်တို့ရဲ့ စပ်ဆက်တုံ့ပြန်မှုကို သုတေသနလုပ်စစ်ဆေးဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
 
ဒါပေမယ့်လည်း စစ်ဆေးခဲ့ပြီးနောက်မှာ ဆေးခြောက်ပင်ဟာ HIV ပျောက်အောင်ကုသနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြနိုင်တဲ့ အချက်တွေ မတွေ့ရှိခဲ့ရပါဘူး။
 
“အကယ်၍ ဆေးခြောက်ပင်ကသာ ဒီလိုအစွမ်းရှိခဲ့ရင် ကျွန်တော်တို့အတွက် အကျိုးရှိတာပေါ့၊ ဒါကြောင့် မှန်၊ မမှန်ဆိုတာ စစ်ဆေးတာပါ၊ အားလုံးသိကြတဲ့အတိုင်း ဆေးခြောက်ပင်ဟာ အချို့ရောဂါတွေအတွက် နာကျင်မှုကို သက်သာစေပါတယ်၊ ဒါပေမယ့် HIV ရောဂါ ပျောက်တယ်ဆိုတာကတော့ သိပ္ပံနည်းကျ ဘယ်လိုမှ သက်သေပြလို့ မရနိုင်သေးပါဘူး” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
 
ထိုင်းနိုင်ငံက HIV ဝေဒနာသည်တွေ အားလုံးကို ရောဂါမပျံပွားစေတဲ့ ဆေးတိုက်ကျွေးပြီး ကိုယ်ခံအား စနစ်ထဲက ဆဲလ်တွေကိုလည်း အမြဲရေတွက် စစ်ဆေးပေးနေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ အဲဒါကြောင့် နိုင်ငံတွင်းမှာ HIV/AIDS နဲ့ သေဆုံးသူ ဦးရေ တစ်ဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေကပါ HIV ရောဂါသည်တွေကို စောင့်ရှောက်နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
 
ထိုင်းနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ်ရဲ့ အကြီးအကဲဖြစ်သူက ဆေးခြောက်ပင်ဟာ HIV ရောဂါကို ကုသနိုင်တယ်ဆိုတဲ့ အချက်အလက်တွေ မကြားသိရပါဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။
 
ကြက်ခြေနီအဖွဲ့ချုပ်ရဲ့ သုတေသနဌါမှ ဒါရိုက်တာ ဒေါက်တာ Praphan Phanuphak က ဖတ်ချာဘန်း စီရင်စုက လူနာဟာ ဆေးခြောက်ဆီ သုံးစွဲပြီးနောက်မှာ ရောဂါသက်သာလာတဲ့အပေါ် သံသယဖြစ်မိတယ်လို့ဆိုပါတယ်။
 
“ဒါပေမယ့် ဆေးခြောက်က လက်ရှိ HIV ဆေးတွေထက် ပိုစွမ်းနေတယ်ဆိုတာတော့ ကျွန်တော်အတည်မပြုနိုင်သေးပါဘူး” လို့ ဆိုပါတယ်။ ဒါ့အပြင် HIV ရောဂါသည်တွေအနေနဲ့ HIV ဆေးတွေကို ပစ်ပယ်ပြီး ဆေးခြောက်လို သစ်ဖုသစ်မြစ် တိုင်းရင်းဆေးတွေ မသုံးဆွဲကြဖို့လည်း သတိပေးနှိုးဆော်ထားပါတယ်။
 
လက်ရှိအချိန်ထိတော့ ဆေးခြောက်ပင်ဟာ HIV ရောဂါကုသနိုင်တယ်ဆိုတဲ့ တိကျတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေ မတွေ့ရသေးဘူးလို့ AsiaOne သတင်းတွင် ဖော်ပြပါရှိသည်။
 

31 May 2019     3,831 Views




RELATED

Most Popular of Health Fix

Most Popular of NEWS