BEC-TERO TV

ရေခဲချောင်းရောင်းသူထံမှ မူးယစ်ဆေး သိန်း ၁၆၀၀ ကျော်ဘိုး ဖမ်းမိ

04 Jun 2019     1,664 Views


ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ရေခဲချောင်းရောင်းသူထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေး သိန်းတစ်ထောင့်ခြောက်ရာကျော်ဘိုး ဇွန် ၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ဗန်းမော် ခရိုင်မှုခင်းနှိမ်နင်းရေးမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ဇွန် ၂ ရက် ညနေ ၅ နာရီခွဲခန့်က ရွှေကူမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စုရှိ ဗန်းမော်-မန္တလေးမဟာ ဗျူဟာလမ်း၊ မိုင်တိုင်အမှတ် ၁၉၅ အနီး တောလမ်းထိပ်၌ စောင့်ဆိုင်းနေခဲ့ကြောင်း ဆိုသည်။
 
ထိုသို့စောင့်ဆိုင်းနေစဉ် မဘိမ်း မြို့နယ်ဘက်မှ တောလမ်းအတိုင်း ရေခဲချောင်းရောင်းသည့် ကျော်စွာဆိုသူ မောင်းနှင်လာသည့် ကန်ဘို-၁၂၅ ဆိုင်ကယ်အား ရဲတပ်ဖွဲ့မှ ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရသည်။
 
ကျော်စွာ လွယ်လာသည့် လွယ်အိတ်အတွင်းမှ WYနှင့် 88 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၆၁၀၀ ပြား ၇၂,၂၀၀,၀၀၀ ကျပ်ဘိုးနှင့် ဆိုင်ကယ်အနောက်ဘက်ဖင်ထိုင်ခုံပေါ်ရှိ ရေခဲချောင်းပုံးအတွင်းမှ Love is flower ရောင်စုံဆပ်ပြာခွက်(၉၈)ခွက် အတွင်းမှ ဘိန်းဖြူမှုန့်အလေးချိန် ၈၈၂ ဂရမ် ၈၈,၂၀၀,၀၀၀ ကျပ်ဘိုးခန့် တွေ့ရှိခဲ့သည်။
 
 
မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရှိရသည့် ကျော်စွာ(၄၀)နှစ်၊ ငါးအိုးကျေးရွာ၊ မဘိမ်းမြို့နယ်နေသူအား ရွှေကူမြို့မရဲစခန်း မယ(ပ)၃၀/၂၀၁၉ မူးစိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 
သတင်း - မောင်လေးငယ်ငယ်(ရွှေကူ)

 


04 Jun 2019     1,664 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS