BEC-TERO TV

ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသည့် ပြေးခုန်ပစ်ကစားသမားများအား တိုက်ခန်းတစ်ခန်း ကားတစ်စီး ဆုချီးမြှင့်မည်

11 Jun 2019     1,526 Views


ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရအောင် စွမ်းဆောင်နိုင်မည့် ပြေးခုန်ပစ်အားကစားသမားများအား တိုက်ခန်းတစ်ခန်းနှင့် ကားတစ်စီး ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပေးခုန်ပစ်အဖွဲ့ချုပ်မှ သတင်းရရှိသည်။
 
 
“ကျွန်တော်တို့ ကစားသမားအနေနဲ့ ထိုက်တန်တဲ့ ဆုကြေးငွေရရှိမှသာ ဘဝရပ်တည်ရေး ခိုင်မာလာနိုင်မှာဖြစ်လို့ မျိုးဆက်သစ်ကစားသမားတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ရွှေရဖို့က တကယ်မလွယ်တဲ့ကစားနည်းပါ။ မလွယ် လို့လည်းပေးတာ မဟုတ်ပါဘူး။ အားကစားလောက အားကစားနည်းတွေ အားကျ လာအောင်၊ သူတို့ရဲ့ ဘဝပြောင်းလဲသွားအောင် အဖွဲ့ချုပ်ဥက္ကဋ္ဌက တိုက်ခန်းတစ်ခန်း၊ ဒုတိယဥက္ကဋ္ဌ ကားတစ်စီးချီးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ဦးကျော်ထူးအောင်က ပြောကြားခဲ့သည်။
 
“ပြေးခုန်ပစ်အဖွဲ့ချုပ်အသစ် တာဝန်ယူတာ ခြောက်လရှိပြီ။ ဆီးဂိမ်းလေ့ကျင့်ရတဲ့အချိန်က နည်းသေးတယ်။ အခုနေပြည်တော်မှာ လူရွေးပွဲလုပ်နေတယ်။ စခန်းသွင်းထားတာ ကစားသမား ၉၀ ကျော် ရွေးထားတယ်။ ဆန်ခါတင်လူရွေးပွဲမှာ အရင်နှစ် အရှေ့တောင်အာရှ စံချိန်ပေါ်မှာမူတည်ပြီး ရွေးမယ်။ ၁၊ ၂၊ ၃ ရတဲ့သူက နိုင်ငံတော်စရိတ်နဲ့ပေါ့။ ၄၊ ၅၊ ၆ ရတဲ့ သူက အဖွဲ့ချုပ်စရိတ်ပေါ့။ အတန်းမဝင်ဘူး။ အလားအလာရှိတဲ့ ကစားသမားကို အား/ကာ ဦးစီးဌာနနဲ့ညှိနှိုင်းပြီး စခန်းသွင်း
သွားမှာဖြစ်တယ်။ ဒါကြောင့် အပိုင်း သုံးပိုင်းခွဲထားတာ ဖြစ်ပါတယ်” ဟု အတွင်းရေးမှူးက ဆက်လက်ပြောကြားခဲ့သည်။
 
မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ အားကစားသမားများသည် နေပြည်တော်၌ ဇွန် ၁၉ ရက်တွင် ကွင်းတွင်းပြိုင်ပွဲများပြီးဆုံးပြီး ဇွန် ၂၁ ရက်တွင် မာရသွန် လူရွေးပွဲ နှင့် ဇွန်လနောက်ဆုံးပတ်နှင့်ဇူလိုင်လပထမပတ်တွင် အပြီးသတ်လူစာရင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
 
အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Southeast Asia Games 2019 ကို လာမည့် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
 
သတင်း − အာကာစိုး(မြန်မာ့အလင်း)

 


11 Jun 2019     1,526 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS