အသက် (၁၇) နှစ်အရွယ် ဗန်ဒိုက်လက်သစ် ကိုခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးလ် အသင်း
28 Jun 2019 1,643 Views

ှလီဗာပူးလ်းအသင်းက ဒီရာသီ ပထမဦးဆုံးခေါ်ယူမှုအဖြစ် အသက် (၁၇) နှစ်အရွယ် နယ်သာလန် လူငယ်ကစားသမားလေး ဘန်ဒန်ဘော့ဂ် ကိုခေါ်ယူလိုက်ပြီလို့သိရပါတယ်။ ဘန်ဒန်ဘောဂ်ကို PEC Zwolle အသင်းမှ ကနဦး ပြောင်းရွေ့ ကြေး ၁.၅ သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နှင့် ချန်ပီယံလိဂ် စတဲ့ပြိုင်ပွဲတွေမှာ ကစားခွင့်ရသည့်အပေါ် နောက်ထပ် ၄.၄ သန်းကို ပေးချေသွားမှာဖြစ်ပါတယ်။
ဗန်ဒိုက်အသေးစားလို့ နာမည်တွင်တဲ့ နယ်သာလန် ယူ-၁၉ နောက်ခံလူ ဘန်ဒန်ဘော့ဂ်ကို အသင်းကြီးအများစုက မျက်စိကျနေတာဖြစ်ပေမယ့် လီဗာပူးလ်အသင်းက လက်ဦးမှုရယူခဲ့ခြင်းဖြစ်ပါတယ်။ အရပ် (၆)ပေ ၊ (၂) လက်မအထိရှိတဲ့ ဘန်ဒန်ဘော့ဂ် ကိုတော့ လီဗာပူးလ် ယူ-၂၃ တွင်ကစားစေမှာဖြစ်ပြီး ခြေစွမ်း တိုးတက်လာမှုအပေါ် စောင့်ကြည့်ပြီး အသင်းကြီးတွင် နေရာပေးသွားမှာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းသို့ ရောက်ရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ဗန်ဒန်ဘာ့ဂ်က ''မယုံနိုင်စရာပါပဲ။ လီဗာပူးလ်က ခေါ်မယ်ဆိုတော့ ကျွန်တော့်ကို နောက်ပြောင်တာလားလို့တောင် ထင်ခဲ့မိပါတယ်။ လီဗာပူးလ်လို အသင်းကြီးတစ်သင်းကို ရောက်လာတာ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ကျွန်တော့်အတွက် အကောင်းဆုံးနေရာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ပွဲတွေ အများကြီးကစားရဖို့လည်း မျှော်လင့်ပါတယ် ''ဟု ဆိုပါတယ်။