လူကာကူ ကိုခေါ်ယူဖို့ မန်ယူအသင်းဘက်ကို တရားဝင် ကမ်းလှမ်းသွားမယ့် အင်တာ
12 Jul 2019 1,626 Views

ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကိုခေါ်ယူဖို့အတွက် အင်တာမီလန်အသင်း အားကစား ဒါရိုက်တာ ပီအဲရို အော်စီလိုယို က မန်ယူအသင်းနဲ့ တရားဝင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ ရာသီက မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုံးကန်ခဲ့ရပြီး အသင်းကထွက်ခွာမယ်သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ယခု အင်တာမီလန်အသင်းကို ကွန်တီကိုင်တွယ်ချိန်မှာ အသင်းမှ အီကာဒီ နဲ့ နိုင်ဂိုလန်တို့ကို ရောင်းထုတ်ပြီး လူကာကူကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန်ယူနည်းပြ ဆိုးရှားလ် ဟာ လူကာကူကို အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေပြီး အင်တာဘက်က ကမ်းလှမ်းမှုကိုလည်း ပယ်ချသွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း မန်ယူအသင်းက လူငယ်တိုက်စစ်မှူး ရက်ဖို့စ်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တဲ့အတွက်ကြောင့် လူကာကူဟာ အသင်းပြောင်းရွေ့ ကစားနိုင်ချေ ပိုများလာပါတယ်။

အီတလီမှလာတဲ့ စကိုင်းစပို့သတင်းတွေအရ အင်တာအသင်းဟာ လူကာကူကို ၂ နှစ်အငှားဖြင့်ခေါ်ယူပြီး နှစ်ကုန်မှာ ပေါင် (၆၃)သန်းဖြင့် အပြီသတ်ခေါ်ယူသွားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ လူကာကူကို ၂၀၁၇ ခုနှစ်က အဲဗာတန်အသင်းကနေ ပေါင်(၇၅) သန်းဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။






