BEC-TERO TV

မို့မို့မြင့်အောင် ရဲ့ မခံချင်စိတ်တွေကို လှုပ်နှိုးလိုက်တဲ့ “ဂျင်ဆရာ”

15 Jul 2019     2,135 Views


Myanmar’s Got Talent ရဲ့ အပတ်စဉ်တိုင်းမှာ ထူးခြားဆန်းပြားတဲ့ အရည်အချင်းတွေကို ဒိုင်လူကြီးတွေ မှင်သက်မိအောင် စွမ်းရည်ပြသနိုင်သူတွေ ရှိနေပါတယ်။ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် “ဂျင်ဆရာ” က နာမည်နဲ့လိုက်အောင် ချာချာလည်နေတဲ့ ဂျင် ကို အေးအေးဆေးဆေး ထိန်းကွပ်ပြီး လူတွေမမြင်ဖူးတဲ့ ပုံစံမျိုးစုံနဲ့ အစွမ်းပြသခဲ့ပါတယ်။
 
 
ဂျင်ကို လက်ထဲမှာကြိုးနဲ့ရစ်၊ ပေါက်ချပြီး မြေပြင်ပေါ်မကျခင် ပြန်ဖမ်းကာ လက်ဝါးထဲမှာ လည်စေပြီး လက်ဝါးထဲကမှတစ်ဆင့် လက်မထိပ်လေးပေါ်တင်၊ အဲဒီကနေ သူ့ရဲ့ ပြောင်နေတဲ့ ခေါင်းတုံးဦးပြည်းပေါ် မှာ လည်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။
ဂျင်ဆရာ ရဲ့ လှုပ်ရှားမှုတွေ အားလုံးက သက်တောင့်သက်သာနဲ့ သူ့ရဲ့ ကျွမ်းကျင်မှု အပေါ်ကိုလည်း ယုံကြည်ချက်အပြည့်ရှိနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
 
“ဂျင်ဆရာ” ရဲ့ အစွမ်းပြမှုတွေက မထင်မှတ်ပဲ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ‘မို့မို့မြင့်အောင်’ ရဲ့ ငယ်ဘဝကို တူးဆွမိသလိုဖြစ်ခဲ့ပြီး ‘မမို့” ရဲ့ မခံချင်စိတ်တွေကို နိုးကြွသွားစေခဲ့ပါတယ်။
 
 
ငယ်စဉ်က ဂျင်ကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တဲ့ မို့မို့မြင့်အောင်က ‘စို့စပတ်’ လို့ ခေါ်တဲ့ ဂျင်ကို လေပေါ်မှာ ပေါက်ပြီး ကြိုးနဲ့ရစ်တင်တဲ့ ကစားကွက်ကို ဂျင်ကြိုးရဲ့ နောက်ပိတ်အဖြစ် တပ်ဆင်ထားတဲ့ ဖန်နီခွက် (အချိုရည်ပုလင်းဖုံး) ထဲကို တိုက်ရိုက်ဝင် ဆွဲတင်ပေါက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
 
မောင်သီ က “အခုရောလုပ်နိုင်သေးလားလို့” မေးတဲ့အခါ ဒီအကွက်ကို နှစ်ခါလောက် ကျင့်လိုက်ရင် အခုတောင် လုပ်ပြလို့ရတယ်လို့ ပြန်ဖြေခဲ့ပါတယ်။
 
ဒိုင်လူကြီး ၄ ယောက်စလုံးရဲ့ “YES” နဲ့အတူ နောက်တစ်ဆင့်ကို တက်သွားတဲ့ “ဂျင်ဆရာ” က ဒီထက်ထူးဆန်းတဲ့ အကွက်တွေ အများကြီးပြဖို့ ချန်ထားသေးတယ်လို့ ဆိုပါတယ်။ နောက်တစ်ဆင့်ကျရင် ‘မမို့’ ကရော ‘ဂျင်ဆရာနဲ့’ အပြိုင် စင်ပေါ်မှာ “စို့စပတ်” ပြိုင်ကြဦးမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။
 
Myanmar’s Got Talent အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ကနေ ပြသလျှက်ရှိပါတယ်။

15 Jul 2019     2,135 Views




RELATED

Most Popular of Myanmar’s Got Talent

Most Popular of Entertainment