BEC-TERO TV

Bungee Jumping ခုန်ချသူ ကြိုးပြတ်ပြီး အရှိန်နဲ့ပြုတ်ကျခဲ့တဲ့ (ရုပ်သံ)

24 Jul 2019     1,635 Views


အမြင့်တစ်နေရာမှ ခြေထောက်ကို မျှော့ကြိုးချည်ကာခုန်ချရသော စွန့်စားအားကစားနည်းဖြစ်တဲ့ ‘Bungee Jumping’ ခုန်ချသူတစ်ဦးဟာ ခုန်ချစဉ် ခြေထောက်မှာ ချည်ထားတဲ့ ကြိုးပြတ်ကျခဲ့တာကြောင့် အောက်ကို အရှိန်နဲ့ ပြုတ်ကျခဲ့တဲ့ ထိတ်လန့်ဖွယ်ရာ အဖြစ်ပျက်တစ်ခု ဇူလိုင်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပြီး အဆိုပါရုပ်သံ ပျံ့နှံ့လျှက်ရှိပါတယ်။
 
ပိုလန်နိုင်ငံ Gdynia မြို့ရှိ ကစားကွင်းတွင် အသက် ၃၉ နှစ်အရွယ် အမျိုးသားက ဘန်းကီးဂျမ်ပင် ခုန်ချရန် ၉၂ မီတာ (၃၀၁ ပေ) အမြင့်ကို ကရိန်းနဲ့ တက်သွားခဲ့ပြီးနောက် ခုန်ချခဲ့တာဖြစ်ပါတယ်။
 
 
ဒါပေမယ့် မြေပြင်ပေါ်မရောက်ခင် ကြိုးအရှည်ကုန်သွားတဲ့အချိန်မှာ ပုံမှန်အားဖြင့် ကြိုးနဲ့အတူ အပေါ်ကို အနည်းငယ် တုံ့ဆွဲပြီးပြန်တက်ကာ လေပေါ်မှာ တွဲလောင်းဖြစ်နေရမယ့်အစား ကြိုးပြတ်ကျခဲ့တဲ့အတွက် အရှိန်ပြင်းစွာ တောက်လျှောက် ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။
 
ကြောက်စရာကောင်းတဲ့ မတော်တဆမှုဖြစ်စဉ် အစဆုံးကို အနီးရှိကြည့်နေသူတစ်ဦးမှ ရုပ်သံ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ကြိုးပြတ်ပြီး ပြုတ်ကျလာသူဟာ မြေပြင်မှာ လုံခြုံရေးအရ စီမံထားတဲ့ လေမွေ့ယာကြီးပေါ် ပြုတ်ကျခဲ့ပေမယ့် အရှိန်ပြင်းလွန်တာကြောင့် ကျောရိုးမကြီးမှာ ဒဏ်ရာရသွားခဲ့ပြီး ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။
 
 
အဆိုပါ ဘန်းကီးဂျမ်ပင် ကစားနည်းနဲ့ စီးပွားရှာနေတဲ့ Bungeeclub ဟာ ၁၉ နှစ်ကြာအတွေ့အကြုံရှိပြီး ယခုလို အဖြစ်မျိုး တစ်ခါမှမကြုံဖူးကြောင်း ပြောကြားခဲ့ပါတယ်။ ရဲတွေကတော့ ကြိုးမှာ အက်ရာတွေ့ခဲ့ပြီး အခုလို ပြတ်ကျရတာ အဲဒါကြောင့်လားဆိုတာတော့ သေချာမပြောနိုင်သေးကြောင်း ပြောဆိုထားပါတယ်။ ဒါ့အပြင် ဘန်းကီးဂျမ်ပင် ခုန်ချခဲ့တဲ့ အမျိုးသားဟာ အရက်မူးနေတယ်လို့ သတင်းရထားကြောင်း ရဲတွေက ဆိုပါတယ်။
 

24 Jul 2019     1,635 Views




RELATED

Most Popular of Special or Others

Most Popular of NEWS