BEC-TERO TV

ဆီးချိုရောဂါ ရှိ၊ မရှိ စောစီးစွာသိနိုင်တဲ့ လက္ခဏာ (၁၀)ရပ်

24 Jul 2019     3,529 Views


ယနေ့ လူတွေ အဖြစ်များဆုံး ရောဂါတွေထဲမှာ ဆီးချိုရောဂါက ထိပ်းဆုံးမှာ ရှိနေပါတယ်။ ဆီးချိုရောဂါမှာ Type 1, Type 2 ဟု အဓိကအမျိုးအစား နှစ်မျိုးခွဲထားပြီး တစ်ကမ္ဘာလုံးမှာ အဖြစ်အများဆုံး ဆီးချိုအမျိုးအစားက Type 2 ဖြစ်ပါတယ်။
 
ဆီးချို Type 1 ဟာ ခန္ဓာကိုယ်မှာ အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေပျက်ဆီးတာကြောင့် ဖြစ်ပြီး ပျောက်ကင်းအောင် ကုသလို့မရပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်ဆူလင်ကို အပြင်ကနေ အမြဲပုံမှန် ထိုးသွင်းပေးနေရပါတယ်။
 
ဆီးချို Type 2 ကတော့ ခန္ဓာကိုယ်မှာ အင်ဆူလင် ထုတ်လုပ်တာ မလုံလောက်၍သော်၎င်း အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်တဲ့အခြေအနေမျိုးတွေကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက် အဝလွန်တာ၊ အိုမင်းနှုန်းမြန်တာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်မှုတွေ လျော့နည်းလာတာမျိုး ဖြစ်တတ်ပါတယ်။
 
ဆီးချိုရောဂါခံစားနေရသူတွေထဲက ၉၀% ဟာ Type 2 အမျိုးအစား ဝေဒနာရှင်တွေဖြစ်ပါတယ်။ ဒါကြောင့်မို့  ဆီးချိုရောဂါဟာ လူတိုင်း အချိန်မရွေးဖြစ်နိုင်တာကြောင့် သူ့ရဲ့ ရောဂါလက္ခဏာရပ်တွေကို စောစီးစွာ သိထားရင် အချိန်မလွန်မီ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ Type 2 ဆီချိုရောဂါရှိ၊ မရှိ အလွယ်တကူ သိသာနိုင်တဲ့ အဓိက အချက် (၁၀)ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။
 

၁။ ဆီး ခဏခဏ သွားခြင်း

သွေးထဲမှာ သကြားပါဝင်နှုန်း အလွန်များလာတဲ့အခါ ကျောက်ကပ်က ဂလူးကိုစ့်ဓါတ်ကို မထိန်းနိုင်တော့တဲ့အတွက် သွေးထဲကနေ သကြားဓါတ်တွေကို ဖယ်ရှားဖို့ လုပ်ဆောင်ပါတယ်၊ ဒီလုပ်ဆောင်မှုကြောင့် ဆီးသွားချင်တဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်မဟုတ်ပဲ မကြာခဏ ဆီးသွားချင်လာပြီဆိုရင် သတိထားသင့်ပါတယ်။
 
လူတစ်ယောက်ဟာ ပျှမ်းမျှအားဖြင့် တစ်နေ့ကို ၅ ကြိမ်ကနေ ၇ ကြိမ်လောက်ထိသာ ဆီးစွန့်လေ့ရှိပါတယ်။ မကြာခင်ကပဲ ဆီးသွားထားပြီး အခုတစ်ခါ ချက်ချင်း ထပ်မံ ဆီးသွားချင်လာတာမျိုးဆိုရင် ဒါဟာ ဆီးချိုဖြစ်တော့မယ်လို့ သတိပေးတာမျိုး ဖြစ်နိုင်ချေများပါတယ်။
 
နောက်တစ်ခုကတော့ မကြာခဏ ဆီးစွန့်လေလေ ဆီးလမ်းကြောင်းမှာ (အထူးသဖြင့် အမျိုးသမီးများ) ရောဂါပိုးဝင်နိုင်ချေ များလေလေ ဖြစ်ပါတည်။ ဒီလိုမျိုး တွေ့ကြုံခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ မနှောင့်နှေးပါနဲ့။
 

၂။ ခဏခဏ ရေငတ်ခြင်း

ပုံမှန်ထက် ပိုပြီး မကြာခဏ ရေငတ်သလို ခံစားရတာဟာလည်း Type 2 ဆီးချိုရဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ ဒီလို အခြေနေမျိုးမှာ အခုပဲ ရေသောက်ပြီးပေမယ့် သိပ်မကြာခင်မှာ ရေထပ်ငတ်လာပါလိမ့်မယ်။ 
 
ရေများများသောက်လေ ဆီးများများသွားလေ၊ ဆီးများများသွားလေ ရေမကြာမကြာငတ်လေနဲ့ သံသရာလည်နေပါလိမ့်မယ်။ ခဏခဏ ရေငတ်ရတဲ့အကြောင်းရင်းကတော့ သွေးထဲကနေ သကြားဓါတ်တွေကို ဖယ်ထုတ်နေရတာကြောင့် ခန္ဓာကိုယ်မှာ ရေဓါတ်က အမြဲလိုနေလို့ဖြစ်ပါတယ်။
 

၃။ အမြဲတမ်း ဗိုက်ဆာနေခြင်း

Type 2 အမျိုးအစား ဆီးချိုရှိနေသူတွေရဲ့ ခန္ဓာကိုယ်ဟာ ထုတ်ပေးလိုက်တဲ့ အင်ဆူလင်ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးမချနိုင်ပါဘူး။ ပုံမှန်အားဖြင့် အင်ဆူလင်က ဂလူးကိုစ့်(သကြားဓာတ်) ကို ဆဲလ်တွေထဲ ရောက်အောင် ပံပိုးကူညီပေးရပါတယ်။
 
ဒီလုပ်ငန်းစဉ်ချို့ယွင်းနေတဲ့အခါ လူက ဘယ်လောက်စားစား အင်အားဖြစ်ဖို့ အဟာရကို ထိထိရောက်ရောက် မပံ့ပိုးနိုင်တဲ့အတွက် တစ်ချိန်လုံး ဗိုက်ဆာနေသလို ခံစားရပါတယ်။
 

၄။ ရုတ်တရက် ကိုယ်အလေးချိန် လျော့ကျခြင်း

မထင်မှတ်ပဲ ကိုယ်အလေးချိန် ရုတ်တရက်လျော့ကျလာခဲ့ရင်တော့ ချက်ခြင်းဆိုသလို ကျန်းမာရေး စစ်ဆေးဖို့ လိုပါလိမ့်မယ်။ Type 2 ဆီးချိုခံစားနေရသူတွေရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ ဂလူးကိုစ့်(သကြားဓါတ်)ကို အပြည့်အဝမရနိုင်တော့တဲ့အတွက် ကိုယ်အလေးချိန် လျော့ကျတာ အရမ်းမြန်ပါတယ်။ ခန္ဓာကိုယ်က ကြွက်သားနဲ့ အဆီတွေကို လောင်ကျွမ်းပြီးမှ အင်အားပြန်ဖြည့်နေရတာကြောင့် သိသိသာသာ ခန္ဓာကိုယ်အလေးချိန် ကျလာပါတယ်။
 

၅။ အမြင်အာရုံ မှုန်ဝါးခြင်း

မျက်လုံးရဲ့ မျက်ကြည်လွှာ မှန်ဘီလူးဟာ ကျုံ့နိင် ဆန့်နိုင်တဲ့ ကြွက်သားတွေနဲ့ ဝန်းရံထားပြီး အမြင်အာရုံကြည်လင်ဖို့ စူးစိုက်တဲ့အခါမှာ ဒီကြွက်သားတွေက အလုပ်လုပ်ပေးရပါတယ်။ မျက်လုံးထဲမှာရှိတဲ့ သေးငယ်တဲ့ ဆံချည်မျှင် သွေးကြောတွေဟာ သွေးထဲမှာ သကြားပါဝင်နှုန်း အလွန်မြင့်မားတဲ့အခါ ပျက်ဆီးသွားတတ်ပါတယ်။
 
ဒီအခါမှာ အမြင်ကြည်လင်ပြတ်သားဖို့ မစွမ်းနိုင်တော့ပါဘူး။ ဒီအခြေအနေကို ဆရာဝန်နဲ့ မပြသပဲ ပစ်ထားလိုက်မယ်ဆိုရင် ကြာရင် အမြင်အာရုံ လုံးဝ ဆုံးရှုံးသွားတဲ့ထိ ဖြစ်နိုင်ပါတယ်။
 

၆။ ပင်ပန်းနွမ်းလျခြင်း

တစ်နေ့လုံး အလုပ်တွေ အများကြီး အားသွန်ခွန်စိုက်လုပ်လိုက်ရလို့ ပင်ပန်းနွမ်းနယ်သွားတယ်ဆိုတာ ပုံမှန် သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် ဘာတစ်ခုမှ အင်တိုင်အားတိုက် မလုပ်ရပဲ မကြာခဏဆိုသလို မေားပမ်းနွမ်းလျနေရင်တော့ ဒါဟာပုံမှန် မဟုတ်တော့ပါဘူး။ 
 
Type 2 ဆီးချို ရောဂါကြောင့် ခန္ဓာကိုယ်က သကြားဓာတ် လုံလောက်စွာ မရတဲ့အတွက် အခုလို မောပမ်းနွမ်းနယ်နေတာဖြစ်ပါတယ်။ ဒီအခြေအနေကို ဂရုမစိုက်ပဲ ပစ်ထားလိုက်မယ်ဆိုရင် အခြားသော ကျန်းမာရေးပြဿနာတွေပါ ထပ်ဖြစ်လာနိုင်ပါတယ်။
 

၇။ ဒဏ်ရာအနာ လွယ်လွယ်နဲ့ မကျက်ခြင်း

သွေးထဲမှာ သကြားဓာတ် လွန်ကဲစွာရှိနေခြင်းက သွေးနီဥတွေနဲ့ အာရုံကြောလေးတွေကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် ဒဏ်ရာအနာတရ တစ်ခုခုဖြစ်တဲ့အခါ အနာကျက်တာ နှေးတာမျိုးဖြစ်ပါတယ်။
 
အနာကျက်ဖို့ နှေးကွေးလေလေ အနာထဲကို ရောဂါပိုးဝင်ဖို့ အခွင့်အရေးများလေလေ ဖြစ်ပါတယ်။ ခြင်ကိုက်ဖုလေးကို ကုတ်ဖဲ့ရင်းက အနာလေးဖြစ်ပြီး နောက်ဆုံး ခြေထောက်ဖြတ်လိုက်ရတဲ့ အကြောင်းတွေ ပတ်ဝန်းကျင်မှာ ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မယ်၊ ဒါဟာ Type 2 ဆီချိုရောဂါကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလို လက္ခဏာမျိုးတွေ့ပြီဆိုရင် လုံးဝ လစ်လျူရှုမထားသင့်ပါဘူး။ 
 

၈။ ခြေဖျားနာကျင်ခြင်း ၊ ထုံကျင်ခြင်း

သွေးထဲမှာ သကြားဓါတ်လွန်ကဲစွာ ရှိနေတာကြောင့် အာရုံကြောတွေ ပျက်ဆီးတဲ့အတွက် အစပထမပိုင်းမှာတော့ ခြေဖျားလေးတွေ နာကျင်မယ်၊ ထုံတုံတုံ ခံစားရတာတွေ ဖြစ်မယ် အဲဒီကနေ တစ်ဖြည်းဖြည်း တစ်ကိုယ်လုံး နေရာအနှံမှာ ခံစားလာရတတ်ပါတယ်။
 
ဒီလိုမျိုး အာရုံကြောက ခံစားမှုကို မသိတဲ့အခါ ခြေထောက်မှာ မတော်တဆ ပွန်းပဲ့မိတာ၊ ပြတ်ရှမိတာတွေကို မခံစားရတော့တဲ့အတွက် အနာဖြစ်နေလည်း သတိမထားမိတော့ပါဘူး၊ အဲဒီအနာကနေတစ်ဆင့် ရောဂါပိုးဝင်၊ အနာက ဆီးချိုကြောင့် တော်တော်နဲ့ မကျက်ပဲ အခန့်မသင့်ရင် ဖြတ်ပစ်ရတဲ့ထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြေဖျား လက်ဖျားလေးတွေ ပုံမှန်မဟုတ်ပဲ ထုံကျင်လာပြီဆိုရင် အထူးဂရုစိုက်ပါ။
 

၉။ လည်ပင်းမှာ အမဲကွက်လေးများပေါ်ခြင်း

အမည်းကွက်လေးတွေ လည်ပင်နား၊ ပေါင်ခြံနဲ့ ချိုင်းနားတစ်ဝိုက် ပေါ်လာပြီး တစ်ဖြည်းဖြည်း ဗျစ်ထူလာပြီးဆိုရင်လည်း Type 2 ဆီချိုရဲ့ လက္ခဏာဖြစ်လို့ ဂရုစိုက်ရပါလိမ့်မယ်။
 

၁၀။ မိန်းမကိုယ် မှာ ပိုးဝင်နိုင်ခြေမြင့်ခြင်း

Type 2 ဆီးချိုဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ်(အမျိုးသမီးအင်္ဂါ) ကနေတဆင့် ရောဂါပိုး ဝင်နိုင်ချေ အလွန်မြင့်ပါတယ်။ သွေးထဲမှာ သကြားဓာတ်မြင့်မားနေတဲ့အခါမှာ ရောဂါပိုးပျံ့ပွားနှုန်းကလည်း မြန်ဆန်တာကြောင့်ဖြစ်ပါတယ်။
 
အခြားလက္ခဏာရပ်တွေအနေနဲ့ အသက်ရှူလိုက်တဲ့အခါ သစ်သီးရနံ့လေးတွေ ရနေတာ၊ ခန္ဓာကိုယ် နေရာအနှံ့ ယားယံတတ်တာတွေကလည်း ဆီးချိုဖြစ်နိုင်တဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။
 
စောစီးစွာသိရှိထားခြင်းဖြင့် နာတာရှည်ဆီးချိုရောဂါဖြစ်ခြင်းကနေ လွတ်ကင်းအောင် ကုသနိုင်ပါတယ်။ ဆီးချိုရောဂါဟာ အခြားအသက်အန္တရာယ်ရှိတဲ့ နှလုံးနဲ့ပက်သက်တဲ့ရောဂါ၊ အမြင်မှုန်ဝါးခြင်း၊ ကျောက်ကပ်ရောဂါတွေနဲ့ လေဖြတ်ခြင်းတို့ကိုပါ ဆက်တိုက်ဖြစ်စေတတ်တာကြောင့် လုံးဝ မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
 
(ပိုပိုလေး)

 


24 Jul 2019     3,529 Views




RELATED

Most Popular of Health Fix

Most Popular of Life Style