BEC-TERO TV

တစ်နိုင်ငံလုံးရဲ့ အချစ်တွေကို တစ်ကွက်ထဲနဲ့ သိမ်းပိုက်သွားတဲ့ အမွှာအကဲလေး

29 Jul 2019     2,244 Views


မနေ့ညက MRTV 4 ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Myanmar’s Got Talent အစီစဉ်မှာ “သားတို့အမွှာ မိုး ဖြိုး” ဆိုတဲ့ အမွှာကလေး နှစ်ယောက်က မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်ကို တစ်ကွက်ထဲနဲ့ သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။
 
ပုံမှန်အားဖြင့် ခပ်တည်တည်နေတတ်တဲ့ ကိုမောင်မောင်အေး တောင် မျက်တောင်မခတ်ပဲ အံ့သြငေးစိုက်ကြည့်နေရလောက်အောင် သူတို့လေးတွေရဲ့ ယှဉ်ပြိုင်တင်ဆက်မှုက အရွယ်နဲ့ မလိုက်အောင် ထူးခြားပြောင်မြောက်လှပါတယ်။
 
တစ်ချိန်တုန်းက ‘ဇွန်ဇီ’ ကြော်ငြာနဲ့ တင်ပါးလေးလှုပ်လှုပ်ပြပြီး ပရိသတ်တွေကို အသည်းစွဲဖြစ်စေခဲ့တဲ့ အန်တီခိုင်သင်းကြည်(မခိုင်လေး) ကတောင် ‘သားတို့ကို အရှုံးပေးပါတယ်’ လို့ ဝန်ခံရလောက်အောင် အမွှာလေးနှစ်ယောက်က စင်ပေါ်မှာ အပြတ်ကဲပြခဲ့ကြတာပါ။
 
အသက် ၁၂ အရွယ် “သားတို့အမွှာ မိုး ဖြိုး” ဟာ အမွှာညီနောင် နှစ်ဦးဖြစ်ပြီး အရင်နှစ်တွေကလည်း Myanmar’s Got Talent အစီစဉ်မှာ အငြိမ့်မင်းသမီးလေးတွေ အသွင်နဲ့ ကပြဖျော်ဖြေခဲ့ဖူးပါတယ်။ အဲဒီကတည်းက ပရိသတ်တွေက သူတို့ကို ကောင်းကောင်း သတိထားမိခဲ့ပါတယ်။
 
ယခုနှစ် Myanmar’s Got Talent အစီစဉ်မှာတော့ ဦးရွှေရိုး ဒေါ်မိုးကို ဝတ်စုံဒီဒိုင်းနှစ်မျိုးနဲ့ နောက်ခံတေးသီချင်းတွေကို ရောစပ်ပြီး ယှဉ်ပြိုင်ခဲ့ရာမှာ ဒိုင်တွေရော တစ်နိုင်ငံလုံးက ပရိသတ်တွေ တသောသောနဲ့ ပွဲကျခဲ့ပါတယ်။
 
 
ပရိသတ်တွေကို ပျော်ရွှင်အောင် သူတို့ရဲ့ ပါရမီလေးတွေနဲ့ ကြိုးစားတင်ဆက် ယှဉ်ပြိုင်နေကြရတဲ့ သူတို့လေးတွေရဲ့ လက်တွေ့ဘဝကတော့ သူတို့ရဲ့ မျက်နှာပေါ်က အပြုံးနုနုလေးတွေလို မချိုမြိန်ပါဘူး။
 
ထူးခြားတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ ရုပ်ချင်းသာဆင်တူနေတာမဟုတ်ပဲ စိတ်ချင်းကလည်း တစ်ထပ်တည်းကျနေကြပါတယ်။ အခုလို ကပြဖျော်ဖြေဖို့ကို မိဘတွေက အတင်းအကြပ်တိုက်တွန်းလို့ လုပ်နေရတာမဟုတ်ပဲ သူတို့ကိုယ်တိုင်က သိတတ်တဲ့အရွယ်ထဲကစပြီး ဝါဿနာကြီးလွန်းပြီး လေ့ကျင့်သင်ယူခဲ့ကြတာဖြစ်ပါတယ်။ 
 
သူတို့ရဲ့ နာမည်အရင်းတွေက ‘ဟန်သာမိုး’ နဲ့ ‘ဟန်သာဖြိုး’ ဖြစ်ပါတယ်။ နိုင်တော်အဆင့်(ထပ်ဆင့်) ရွှေတံဆိပ်ဆုရှင်လေးတွေဖြစ်ပြီး “သားတို့အမွှာ” ဆိုတဲ့ အကပဒေသာ အဖွဲ့လေးကိုလည်း မန္တလေးမြို့မှာ ကြပ်ကြပ်တည်းတည်းနဲ့ တည်ထောင်ထားပါတယ်။
 
သူတို့လေးတွေ ဒီလိုအခြေအနေမျိုးကို သာသာယာယာနဲ့ ရရှိခဲ့ကြတာတော့မဟုတ်ပါဘူး။ “သားတို့အမွှာ” ရဲ့ မိခင်ဖြစ်သူ ‘မအေးအေးမိုး’ က ဘုရားစောင်းတန်းမှာ ပန်းရောင်းရင်း သားသမီးတွေရဲ့ ပါရမီကို ခက်ခက်ခဲခဲ ဖြည့်ဆည်းပေးခဲ့ရတာဖြစ်ပါတယ်။
 
အခုဆိုရင် “သားတို့အမွှာ မိုး ဖြိုး” ဟာ ပွဲငှားရာသီတွေမှာ လိုက်လံကပြဖျော်ဖြေကြရင်း အနုပညာအပိုင်းမှာရော ပညာရေးပိုင်းမှာပါ မလစ်ဟင်းအောင် ကြိုးစားနေကြပါတယ်။ မိဘကျေးဇူးကို အနုပညာပါရမီနဲ့ ပေးဆပ်နေကြတဲ့ ကလေးတွေဖြစ်ပါတယ်။ Myanmar’s Got Talent အစီစဉ်မှာ သူတို့ Winner ရဖို့ဆိုရင်တော့ ပရိသတ်တွေရဲ့ အားပေးမှုက ပဓာနကျနေပါတယ်။
 
သူတို့လေးတွေ နောက်ထပ်တစ်ဆင့်မှာ ဘယ်လိုယှဉ်ပြိုင်သွားကြဦးမလဲဆိုတာ Myanmar’s Got Talent အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ရုပ်သံကနေ စောင့်မျှော်ရင်း အားပေးနိုင်ကြပါတယ်။ 

29 Jul 2019     2,244 Views




RELATED

Most Popular of Myanmar’s Got Talent

Most Popular of NEWS