BEC-TERO TV

အသည်းကွဲတယ်ဆိုတာ.. အရူးလိုပဲလား..? (ရုပ်သံ)

09 Sep 2019     1,630 Views


တစ်ကယ်အသည်းကွဲဖူးတဲ့သူတွေသာ အသည်းကွဲတဲ့ ခံစားမှုက ဘာနဲ့မှကုစားလို့မရအောင် ပြင်းထန်ရှည်ကြာလွန်းတယ်ဆိုတာကို ခံစားနားလည်နိုင်ပါလိမ့်မယ်။  အကယ်၍ အသည်းမကွဲဖူးသေးဖူးဆိုရင်တော့ ကိုယ်ရဲ့ချစ်သူက လွန်ဆန်လို့မရနိုင်တဲ့ အခြေအနေတစ်ခုကြောင့် အခြားသူတစ်ယောက်နဲ့ လက်ထပ်သွားတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ..။ ဒီဝေဒနာကို ရေးရေးလေးတော့ ခံစားလာမိလိမ့်မယ်ထင်ပါတယ်။
 
အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေစီကျွန်းမှာ စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်တစ်ခုမှာ မင်္ဂလာစုံတွဲကို ကြည့်နေရင်း လူငယ်တစ်ယောက် ရှိုက်ကြီးတငင်ငင်ငိုရှိုက်ကာ အရုပ်ကြိုးပြတ်လဲကျသွားခဲ့ပါတယ်။
 
အင်ဒိုနီးရှားသတင်းမီဒီယာ Suara ရဲ့ ဖော်ပြချက်အရ အဆိုပါလူငယ်(Aswar Anas) နဲ့ သတို့သမီး(Asni) တို့ဟာ ၆ နှစ်ကျော်ကြာ ဘာပြဿနာမှမရှိပဲ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အကြောင်းတစ်ခုကြောင့် နောက်ဆုံးမှာတော့ Asni က အခြားအမျိုးသားတစ်ယောက်နဲ့ လက်ထပ်လိုက်ရပါတယ်။
 
Aswar ဟာ သူ့ချစ်သူကို နောက်ဆုံးအနေနဲ့ မြင်ခွင့်ရဖို့ မင်္ဂလာပွဲကို အားအလွန်တင်းပြီး တက်ခဲ့ပေမယ့် သူတို့စုံတွဲကို တွေ့လိုက်ရတဲ့အခါ မထိန်းနိုင်မသိမ်းနိုင် ငိုကြွေးရင်း ကြမ်းပြင်ပေါ်လဲကျခဲ့ပါတယ်။ သူငိုနေတာကို သတို့သမီးကမြင်သွားတဲ့အခါမှာ သူလည်းထပ်တူ ဝမ်းနည်းပူဆွေးပြီး ငိုနေတာကို ရုပ်သံမှာ မြင်တွေ့ခဲ့ရပါတယ်။
 
ဆွေမျိုးအသိုင်းအဝိုင်းတွေက Aswar ကို အပြင်ဆွဲထုတ်သွားပြီး ချော့မော့နှစ်သိမ့်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကိုးကွယ်တဲ့ ဘာသာတရားမတူညီတာကြောင့် လက်ထပ်ပေါင်းစည်းခွင့် မရခဲ့ကြတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
 
 
အဆိုပါရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ချစ်ခြင်းတရားနဲ့ လူသားနှစ်ဦး ပေါင်းဖက်ရေးမှာ ဘာသာတရားက အတားအဆီးမဖြစ်သင့်ဘူးလို့ ဝိုင်းဝန်းဝေဖန်ထားကြပါတယ်။ ဒီသတင်းလေးကို ဖတ်မိပြီး “ထူးအိမ်သင်” ရဲ့ ‘ကာရံမညီသော’ သီချင်းလေးကိုတောင် ပြန်လည်အမှတ်ရမိပါသေးတော့သည်..။ ချစ်တိုင်းလည်းညားကြပါစေ..။

09 Sep 2019     1,630 Views




RELATED

Most Popular of Special or Others

Most Popular of NEWS