BEC-TERO TV

ထိုင်းမှာ မွေးကင်းစကလေးတွေကို Facebook Page ထောင်ပြီးရောင်းချ

11 Sep 2019     2,055 Views


ထိုင်းနိုင်ငံက Facebook Page တစ်ခုကနေ မွေးကင်းစကလေးလေးတွေရဲ့ ပုံတွေကိုတင်ပြီး အွန်လိုင်းမှာ ငွေကြေးနဲ့ ပြန်ရောင်းချနေတဲ့အတွက် အွန်လိုင်းသုံးသူတွေအားလုံး အံ့သြရုံမျှမက ဒေါသကပါ ယမ်းပုံပေါ် မီးကျသလို ပေါက်ကွဲခဲ့ပါတယ်။
 
ကလေးနီတာရဲလေးတွေကို လူမဆန်စွာ ပုံတွေတင်ထားပြီး ခွေးလေး ကြောင်လေးတွေ ရောင်းသလိုမျိုး တစ်ယောက်ကို ထိုင်းဘတ် ၁၅,၀၀၀ (ကျပ် ၇ သိန်းခွဲဝန်းကျင်)နဲ့ စျေးကွက်တင် ရောင်းချနေခဲ့ပါတယ်။
 
 
Club V.10 ပေ့ချ်(ယခုတော့ ပိတ်ပြီးပြေး) ရဲ့ အက်ဒမင်က ကလေးမလိုချင်ပဲ ကိုယ်ဝန်ရလာတဲ့ အမျိုးသမီးတွေရဲ့ ကလေးတွေကို အွန်လိုင်းမှာ စျေးဖြတ်ပြီး ပြန်တင်ရောင်းနေတာဖြစ်ပါတယ်။ ကလေးမွေးစား(ဝယ်)ချင်ကြတဲ့သူတွေအနေနဲ့ ငွေပေးချေရမယ့်စနစ်တွေ၊ အလှည့်ကျစောင့်ဆိုင်းရမယ့် ပုံစံတွေကိုပါ ဖော်ပြထားပါတယ်။ (ကလေးတွေကိုများ စက်ရုံထုတ်ပစ္စည်းများ မှတ်နေသလားပဲ)
 
 
ဒါ့အပြင် အခုလိုမျိုး အွန်လိုင်းပေါ်ကနေ ကလေးဝယ်ရောင်း လုပ်တာဟာ လူကုန်ကူးမှုဥပဒေနဲ့ ကင်းလွတ်တယ်လို့ ပြောင်ပြောင်တင်းတင်း ဖော်ပြထားပါသေးတယ်။ အမှန်တစ်ကယ်ဆိုရင်တော့ သူများကလေးကို မွေးစားတယ်ဆိုတာ တရားဝင်နည်းလမ်းအရဆိုရင် အဆင့်တွေက အတော်လေး ရှုပ်ထွေးပါတယ်။ စာရွက်စာတမ်းအထောက်အထားတွေ၊ ကလေးအတွက် ဘေးအန္တရာယ်လုံခြုံပါတယ်ဆိုတဲ့ ကတိကဝတ်တွေ အများကြီးကို ဖြတ်ကျော်ဆောင်ရွက်ပြီးမှ မွေးစားခွင့်ရတာပါ။ 
 
အခုလိုမျိုး “ဒီကလေး ကြိုက်လား..?”” ကြိုက်ရင် ပိုက်ဆံလွှဲ၊ ကလေးလာယူ” ဆိုတဲ့ပုံစံမျိုးက လူကျင့်ဝတ်နဲ့ နည်းနည်းမှ မညီသလို လူသားကလေးတွေကို တိရိစ္ဆာန်လေးတွေ ရောင်းဝယ်ဖောက်ကားသလိုမျိုး ပြုလုပ်နေတာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။
 
 
 
ဒါကြောင့်မို့ V.10 page ဟာ ဝေဖန်မှုပေါင်းများစွာနဲ့ အရမ်းပျံ့နှံ့သွားခဲ့တဲ့အတွက် အက်ဒမင်ကိုယ်တိုင် အကောင့်ပိတ်ပြီး လစ်ပြေးသွားခဲ့ပါတယ်။ သားသမီးမရလို့ ကလေးမွေးစားချင်သူတွေအနေနဲ့လည်း အခုလို တရားမဝင်နည်းလမ်းနဲ့ ကလေးတွေကို မဝယ်ယူကြပဲ ကလေးမွေးစားနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတွေကနေတစ်ဆင့်သာ တရားဝင် မွေးစားဖို့ တိုက်တွန်းထားပါတယ်။
 
ဒါ့အပြင် အပျော်အပါးတော့ ဝါသနာပါပြီး ကလေးမရချင်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း ကြိုတင်အကာအကွယ် လုပ်ထားကြဖို့နဲ့ အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ရှိပြီး ကလေးမွေးလာခဲ့ရင်လည်း အခုလိုလူမျိုးတွေရဲ့ လက်ထဲမှာ ရောင်းမစားကြဖို့ အွန်လိုင်းပေါ်က လူတွေက တိုက်တွန်းထားကြပါတယ်။ 

 


11 Sep 2019     2,055 Views




RELATED

Most Popular of Special or Others

Most Popular of NEWS