BEC-TERO TV

အင်းဆက်ပိုးမွှားတွေကို သွားရေစာအဖြစ် စွန့်ဦးတီထွင် စီးပွားဖြစ်ထုတ်လုပ်(ရုပ်သံ)

04 Nov 2019     1,468 Views


ထိုင်းနိုင်ငံက စွန်းဦးတီထွင်လုပ်ငန်းရှင်တစ်ဦးက အင်းဆက်ပိုးမွှားအမျိုးမျိုးကို အားလူးကြွပ်ကြော်များကဲ့သို့ အိတ်သွပ်ပြီး အရသာမျိုးစုံနဲ့ သွားရေစာအဖြစ် စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေရာမှာ အမြတ်အစွန်းကြီးပြီး အလွန်စီးပွားဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာလည်း ပုရစ်ကဲ့သို့သော အင်းဆက်ပိုးတွေကို ရာသီအချိန်ရောက်တဲ့အခါ ကြော်ပြီး လမ်းဘေးမှာရောင်းချ ဝယ်ယူစားသောက်လာခဲ့ကြတာ ရှေးအစဉ်အဆက်ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအစားအစာမျိုးကို လမ်းပေါ်မှာအမြဲတမ်းတွေ့ရလေ့မရှိပဲ ရာသီပေါ်ချိန်ရောက်မှသာ စားသုံးနိုင်ပါတယ်။

ထိုင်းနိုင်ငံက စွန်ဦးတီထွင်လုပ်ငန်းရှင် ‘တက်ဒ်နတ်ချန်တသန်’ ဆိုသူက ပုရစ်၊ ဝါးပိုးတွေ အပါအဝင် လူတွေစားသောက်လို့ရတဲ့ အခြားသော အင်းဆက်ပိုးအမျိုးမျိုးကို စနစ်တကျမွေးမြူပြီးနောက် သွားရေစာ(snack) အဖြစ် ထုတ်လုပ်ဖြန့်ဖြူးပြီး ထိုင်းနိုင်ငံအဝှမ်းက ဆိုင်တွေမှာ ရောင်းချနေပါတယ်။

သန်းနဲ့ချီတဲ့ ပုရစ်တွေကို သိုလှောင်ရုံထဲမှာ အစာကျွေးမွေးမြူပြီး ဥကနေ သားပေါက်လို့ ၄၅ ရက်ပြည့်တဲ့အခါ သူတို့ကို သွားရည်စာအဖြစ် အသွင်ပြောင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီလိုအစားအသောက်တွေကို နှစ်သက်တဲ့ စားသုံးသူတွေ ထိုင်းနိုင်ငံမှာ အများအပြားရှိနေပါတယ်။

Smile Firm ကုမ္ပဏီကို တည်ထောင်သူ ‘တက်ဒ်နတ်ချန်တသန်’ ဟာ ရုပ်မြင်သံကြားကနေတစ်ဆင့် အင်းဆက်ပိုးတွေဟာ တိုးတက်များပြားလာတဲ့ လူဦးရေနဲ့အညီ အနာဂါတ်ကမ္ဘာမှာ လူတွေအတွက် ပရိတိန်းဓါတ်ရဖို့ အခြားနည်းလမ်းတစ်ခု ဖြစ်လာမယ်ဆိုတာကို ကြားဖူးခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ ထိုင်းနိုင်ငံရဲ့ လမ်းဘေးတွေမှာ အင်းဆက်ပိုးတွေ ချက်ပြုတ်ရောင်းချတဲ့ စျေးကွက်ကလည်း ရှိနေပါတယ်၊ ဒါပေမယ့် မစားရဲသေးတဲ့သူတွေလည်း အများကြီးရှိနေပါသေးတယ်။ ဒီအင်းဆက်ပိုးတွေကို လူတိုင်းလွယ်လွယ်ကူကူနဲ့ အရသာပေါင်းစုံ စားနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စိတ်ကူးပြီး နောက်ဆုံးမှာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အဓိကအားဖြင့် ပုရစ်၊ ဝါးပင်ပိုး နဲ့ ပိုးချည်ထုတ်တဲ့အင်းဆက်ပိုးတွေကို အသုံးပြုပြီး သွားရေစာအဖြစ် တစ်လလျှင် တန်ချိန် ၁.၈ တန် ထုတ်ပိုး ဖြန့်ဖြူးရောင်းချနေပါတယ်။ အရသာတွေအနေနဲ့ မူလအရသာ၊ ဘာဘီကျူးအရသာနဲ့ တုံယန်းအရသာတို့ခွဲပြီး ထုတ်လုပ်ပါတယ်။

ယူအန်(UN) ကတော့ လူတွေကို အင်းဆက်ပိုးတွေ စားသင့်တယ်လို့ တိုက်တွန်းထားတာတွေရှိပါတယ်။ ယူအန်ရဲ့ အစားအစာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်းမှ Katinka se Balogh က အင်းဆက်ပိုးတွေမှာ သိုးသား၊ ဝက်သား စတဲ့ အသားတွေမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်၊ မင်နရယ်နဲ့ ဗီတာမင် B12 တို့ ပြည့်ဝစွာပါဝင်တယ်လို့ ဆိုပါတယ်၊ ဒါ့အဖြင့် သံဓါတ်နဲ့ ဇင့်ဓာတ်တွေလည်း တော်တော်များများ ပါဝင်တယ်လို့ ဆိုပါတယ်။ အင်းဆက်တွေမှာ ပါဝင်တဲ့ အဟာရတန်ဖိုးတွေကို ဟိုအရင်တုန်းက အသိအမှတ်မပြုခဲ့တာ မှန်ပေမယ့် ဒီနေ့ဒီအချိန်မှာတော့ အလားအလာကောင်းတွေ အများကြီးရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ပါပြီလို့ ဆိုပါတယ်။ ဒါ့အပြင် အင်းဆက်တွေဟာ လေထုညစ်ညမ်းမှုကို လျော့ချပေးနိုင်တယ်လို့ ယူအန်က ဆိုပါတယ်။

စွန်းဦးတီထွင်သူ ‘တက်ဒ်နတ်ချန်တသန်’ က သူ့အနေနဲ့ တကမ္ဘာလုံးကိုပါ တင်ပို့ဖို့ ဆန္ဒရှိနေပေမယ့် လက်တလောမှာတော့ ရှုပ်ထွေးလှတဲ့ နိုင်ငံတစ်ကာက အစားအသောက်ဆိုင်ရာ ဥပဒေတွေကြောင့် အခက်အခဲတွေရှိနေပါသေးတယ်။ အင်းဆက်တွေကို အစားအသောက်အဖြစ် အခြားနိုင်ငံတွေကပါ အသိမှတ်ပြုလက်ခံဖို့ လိုနေသေးကြောင်း ‘တက်ဒ်နတ်ချန်တသန်’ က ပြောကြားခဲ့ပါတယ်။ အင်းဆက်သွားရေစာတွေ ထုတ်လုပ်ရောင်းချနေတဲ့ သူ့ရဲ့လုပ်ငန်းကနေ တစ်လလျှင် အမြတ်ငွေ ဒေါ်လာ ၁ သိန်းလောက် ရရှိနေပါတယ်။

ကိုးကား-SCMP


04 Nov 2019     1,468 Views




RELATED

Most Popular of Special or Others

Most Popular of NEWS