အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုညွန်းကိန်းအရ မြန်မာနိုင်ငံ အဆင့် ၈၆ မှာရပ်တည်
06 Nov 2019 1,701 Views

ကမ္ဘာ့နိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအညွန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၀၀ နိုင်ငံအနက် အဆင့် ၈၆ မှာရပ်တည်နေပြီး အာရှနိုင်ငံ ၂၅ နိုင်ငံထဲမှာတော့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။
အဆိုပါ စစ်တမ်းဟာ အင်္ဂလိပ်ဘာသာကို မိခင်ဘာသာအဖြစ် အသုံးမပြုတဲ့ နိုင်ငံတွေရဲ့ အင်္ဂလိပ်စာတတ်မြောက်မှု အခြေအနေကို နှစ်စဉ်လေ့လာ စစ်တမ်းကောက်ယူတဲ့ နိုင်ငံတကာ ပညာရေး သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ Education First (EF) အဖွဲ့က ထုတ်ပြန်တဲ့ 2019 English Proficiency Index အညွှန်းကိန်းမှာ ဖော်ပြထားတာပါ။
.jpg)
EF အနေနဲ့ ခုလိုစစ်တမ်းကောက်ယူရာမှာ နိုင်ငံသားတွေရဲ့ တဦးချင်းဝင်ငွေ၊ အင် တာနက်အသုံးပြုနိုင်မှု အခွင့်အလမ်း၊ ပညာရေးအတွက် ငွေကြေးသုံးစွဲမှု၊ အတန်းပညာ သင်ယူတတ်မြောက်မှု၊ ပျမ်းမျှလူဦးရေ စတဲ့ အခြေခံ အချက်အလက်တွေကတဆင့် အခြေ ခံ တွက်ချက်ထားတဲ့ ညွှန်ကိန်းတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၈၈ နိုင်ငံထဲမှာ အဆင့် ၈၂ နဲ့ ရပ်တည်ခဲ့ပြီး အင်္ဂလိပ်စာအညံ့ဆုံးအောက်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၉ မှာတော့ မြန်မာနိုင်ငံကတော့ EF / EPI ရမှတ်စုစုပေါင်း ၄၆ မှတ် ရရှိခဲ့ပြီး အဆင့် ၈၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီအဆင့် ဟာ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအညွန်းကိန်းအရ အရမ်းကို နိမ့်လွန်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအဆင့်တွေမှာတော့ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီယားတို့ အစဉ်လိုက်ရပ်တည်နေပြီး လာအိုနဲ့ ဘရူနိုင်း နိုင်ငံတွေကတော့ စာရင်းမှာ ပါဝင်ခြင်းမရှိပါဘူး။







