BEC-TERO TV

နောက်ခံလူဖြစ်သော်လည်း ဂိုးသမားအဖြစ် ဝင်ဖမ်းခဲ့ပြီး လက်စွမ်းပြခဲ့တဲ့ ဝေါလ်ကာ

07 Nov 2019     1,569 Views


မနေ့ညက ကန်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွင် မန်စီးတီးအသင်းဟာ အတ္တလန်တာနဲ့ အဝေးကွင်းပွဲစဉ်မှာ ပွဲပြီးခါနီး ၁၀ မိနစ်ခန့်ကို မန်စီးတီး ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာဟာ ဂိုးသမားအဖြစ် ဝင်ဖမ်းခဲ့ပြီး ဂိုးကန်သွင်းခွင့် အခွင့်အရေး တစ်ကြိမ်ကို ကာကွယ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်း နဲ့ အတ္တလန်တာ အသင်းတို့ ၁-၁ သရေကျတဲ့ပွဲစဉ်မှာ မန်စီးတီး နံပါတ် (၁) ဂိုးသမား အီဒါဆင်ဟာ အသေးစား ဒဏ်ရာရရှိခဲ့တာကြောင့် ဒုတိယပိုင်းအစမှာ အရံဂိုးသမား ဘရာဗို လူစားလဲခဲ့ရပါတယ်။

ထို့နောက် မန်စီးတီးအသင်းဟာ ပွဲချိန် (၈၁) မိနစ်မှာ ဂိုးသမား ဘရာဗို အတ္တလန်တာ အသင်း တိုက်စစ်မှူး အီလီချစ် ကို ဖျက်ထုတ်မှု ကြမ်းတမ်းခဲ့တယ်ဆိုပြီး VAR ပြန်ကြည့်ကာ အနီကဒ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ မန်စီးတီးအသင်းဟာ တောင်ပံကစားသမား မာရက်စ် ကိုထုတ်ပြီး နောက်ခံလူ ဝေါလ်ကာကို ထည့်ကာ ဂိုးဖမ်းစေခဲ့ပါတယ်။

မန်စီးတီးအသင်းက (၁၀) ယောက်ဖြင့်ကစားရတဲ့အချိန်မှာ အတ္တလန်တာ အသင်းဟာ ပိုပြီးတိုက်စစ်ဆင်ကစားခဲ့ပါတယ်။ မန်စီးတီး ဂိုးသမား ဝေါလ်ကာဟာ အတ္တလန်တာအသင်းရဲ့ တိုက်စစ်ဆင်မှုကို ဟန့်တားနိုင်ခဲ့ပြီး မလီနိုလ်စကီးရဲ့ဖရီးကစ် ကန်သွင်းချက်ကိုလည်း အကောင်းဆုံး ကာကွယ်မှု ပြုလုပ်သွားနိုင်ခဲ့ပါတယ်။

ပွဲပြီးချိန်မှာ ၁-၁ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး မန်စီးတီးအသင်းအတွက် ဂိုးကို စတာလင်က  သွင်းယူပေးခဲ့ပြီး အတ္တလန်တာအသင်းအတွက်ဂိုးကို ပါဆာလစ်က သွင်းယူခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ရမှတ် (၁၀) မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေပြီး နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။


07 Nov 2019     1,569 Views




RELATED

Most Popular of Football

Most Popular of Sport