BEC-TERO TV

Sulli, Goo Hara တို့သေဆုံးပြီးနောက် အင်တာနက်ပေါ်မှာ အမုန်းစာသား ရေးသားမှုတွေ လျော့ချနိုင်ဖို့ စီစဉ်

25 Nov 2019     2,282 Views


တောင်ကိုးရီးယား နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Sulli နဲ့ Goo Hara တို့နှစ်ဦးဟာ  ပြင်ပမှာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ Sulli မိမိကိုယ်ကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရပါတယ်။ Sulli ဟာ လူမှုကွန်ယက်က အမုန်းစကားတွေကြောင့် ဒီပရက်ရှင် (စိတ်ကျရောဂါ) ဝေဒနာကို နှစ်ပေါင်းများစွာ ခံစားနေရသူတစ်ဦးဖြစ်ပြီး အဆုံးသတ်မှာ မခံနိုင်တော့တဲ့အဆုံး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပဲဖြစ်ပါတယ်။

Sulli သေဆုံးပြီးနောက် တစ်လအကြာ နိုဝင်ဘာ ၂၄ ရက်နေ့၊ ညနေ ၆ နာရီအချိန်မှာ Goo Hara နေအိမ်မှာ သေဆုံးနေတာကို အိမ်အကူအမျိုးသမီး မှ ရှာဖွေတွေ့ရှိခဲ့ပြီး ဂန်းနမ်အခြေစိုက်ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ဂူဟားရား သေဆုံးမှုကို ရဲဌာနမှ ‘လူသတ်မှု’ မဟုတ်ကြောင်း အတည်ပြု ပြောကြားထားပေမယ့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဟုတ်မဟုတ်ဆိုတာကိုတော့ အတည်ပြုထားခြင်းမရှိသေးပါဘူး။ ဂူဟားရားဟာ ရည်းစားဟောင်း Choi Jong-Bum ရဲ့ ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ဖူးပြီး လူမှုကွန်ယက်မှာ အမုန်းစကားရေးသားသူလူတစ်စုရဲ့ တိုက်ခိုက်မှု ပေါင်းစုံကိုလည်း ခံခဲ့ရပါသေးတယ်။

တောင်ကိုးရီးယား Entertainment Management Association မှ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Song Sung Min က အမုန်းစာသား ရေးသားသူတွေနဲ့ ပတ်သတ်လို့ ဒီလိုပြောပြလာပါတယ်။

“အမျိုးသမီး ဆယ်လီတွေကို လူမှုကွန်ယက်မှာ အမုန်းစာသားသဘောမျိုးရေးတာတွေက တစ်စတစ်စ ပိုပြီး ပြင်းထန်လာပြီ။ လိင်မှု ကိစ္စစော်ကားခံရတာက အမျိုးသမီးဖြစ်နေရင်တောင် သူတို့ကိုပဲ Victim blaming လုပ်ကြတယ်။ အင်တာနက်က real name system ကို ဖျောက်ထားတော့ နာမည်အရင်းနဲ့ မသုံးတဲ့ users တွေမှ အများကြီး ဒီထဲက ဘယ်သူဘယ်ဝါက အမုန်းစာသားရေးသွားတယ်ဆိုတာ ကျွန်တော်တို့ဘက်က ရှာပြီးတရားစွဲပေးဖို့ အင်မတန်မှ ခက်ခဲသွားပြီ။ System က အင်တာနက်နဲ့ ပတ်သတ်လို့ လိင်ပိုင်းဆိုင်ရာ သတင်းမျိုးတွေမှာ သတင်းဖောင်းပွမှုမဖြစ်အောင် Keyword prevention တွေ လုပ်ထားသင့်တယ်” ဆိုပြီး ထုတ်ဖော်ပြောကြားလာပါတယ်။

ဂူဟားရားဟာ ပြီးခဲ့တဲ့ မေလပိုင်းမှာ စိတ်ဖိစီးမှုဝေဒနာကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးပြီး မန်နေဂျာက အချိန်မှီတားလိုက်နိုင်တာကြောင့် ထိုအချိန်တုန်းက အသက်ဆက်ရှင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ နေအိမ်မှာ သေဆုံးနေတာကို အိမ်အကူအမျိုးသမီးက ရှာဖွေတွေ့ရှိခဲ့ပြီး အဆုံးစီရင်မှု ဟုတ်မဟုတ်ဆိုတာကို ဆက်လက် စုံစမ်း ထုတ်ဖော်သွားဦးမယ်လို့ သိရပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 

 


25 Nov 2019     2,282 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS