BEC-TERO TV

အိမ်စာမပြီးတဲ့ ကလေးတွေအပေါ် ကျောင်းဆရာရဲ့ ရက်စက်မှုက ကမ်းကုန်

02 Jan 2020     2,442 Views


မူလတန်းကျောင်းက စာသင်ခန်းထဲမှာ အိမ်စာမပြီးခဲ့တဲ့ ကလေးတွေကို ဆရာဖြစ်သူက ကျွဲရိုက်နွားရိုက် ရိုက်ခဲ့ပါတယ်။ ကလေးမလေး တစ်ယောက်ဆိုရင် အတန်းရှေ့မှာ ဇောက်ထိုးဆွဲထားခံရ ရက်ရက်စက်စက် အပြစ်ပေးခဲ့တဲ့ ရုပ်သံဟာ အွန်လိုင်းပေါ်မှာ လျှပ်စီးလက်သလို ပျံ့နှံ့သွားခဲ့ပါတယ်။ ကြည့်မိကြသူတိုင်းက ကလေးတွေကို အရွယ်နဲ့မမျှအောင် ရိုက်နှက်နေတဲ့ ဆရာအပေါ် ဒေါသတွေ အလိပ်လိုက် တက်လာစေခဲ့ပါတယ်။

အဖြစ်ပျက်ဟာ ၂၀၁၉ ဒီဇင်ဘာ ၂၉ ရက်နေ့က တရုတ်နိုင်ငံ လောင်ဂန်စီရင်စုမှာရှိတဲ့ အမှတ်(၅)မူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ မှတ်တမ်းရုပ်သံအရ ဒေါသထွက်နေတဲ့ ကျောင်းဆရာဟာ အိမ်စာမပြီးခဲ့တဲ့ ကျောင်းသားတွေကို တစ်ခန်းလုံးမှာ မွှေနှောက်ရှာဖွေပြီးနောက် ဝါးခြမ်းပြားလို့ ယူဆရတဲ့ တုတ်နဲ့ အကြိမ်ကြိမ်ရိုက်နှက်တာကိုတွေ့ရပါတယ်။

တစ်ကြိမ်မှာတော့ စာသင်ခန်းရဲ့ အလယ်မှာရှိတဲ့ ကလေးမလေးကို ပါးနားရိုက် ဆောင့်ဆွဲပြီး အတန်းပြင်ကို ခေါ်ထုတ်ကာ ကိုယ်လုံးကို ကိုင်မြောက်ပြီး တစ်ပတ်ချာလည် စောက်ထိုးဆွဲထားခဲ့ပါတယ်။ အဲဒီနောက် အနားမှာရှိတဲ့ စားပွဲခုံပေါ်ကို စောင့်တွန်းပြီး ဝါးခြမ်းပြားကို အားနဲ့လွှဲလွှဲပြီး ရိုက်နေတာဟာ ကြည့်ရက်စရာတောင် မရှိတော့ပါဘူး။

ဒီအချိန်မှာပဲ ကျောင်းသားအချို့က ကြောက်လွန်းလို့ စားပွဲခုံအောက်ထဲ ဝင်ပြေးသူကပြေး၊ အိမ်စာစာအုပ်ကို ကမန်းကတန်း လာထပ်သူကထပ်နဲ့ ကလေးတွေအတွက်တော့ ငရဲပွက်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

ဒီရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများ ပြင်းထန်ခဲ့တဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေက ကျောင်းဆရာကို လက်တလောမှာ အလုပ်ကနေ ရပ်နားထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရသည်။


02 Jan 2020     2,442 Views




RELATED

Most Popular of Special or Others

Most Popular of NEWS