BEC-TERO TV

အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့သူ

08 Jan 2020     2,043 Views


ခြံဝင်းနဲ့ အိမ်တွေ၊ မြေစိုက်အိမ်တွေမှာ နေထိုင်ကြတဲ့ မိသားစုတွေအနေနဲ့ ရေချိုးခန်းတို့ အိမ်သာတို့လို့ အပြင်ဘက်နဲ့ ပိုက်လိုင်းဆက်သွယ်ထားလေ့ရှိတဲ့ နေရာတွေကို အသုံးပြုမယ်ဆိုရင် အမြဲသတိရှိဖို့လိုပါတယ်။

မြွေတွေဟာ အဲဒီပိုက်လိုင်းတွေကနေတစ်ဆင့် အိမ်ထဲမှာ ဝင်ရောက် ခိုအောင်းနေတတ်ပါတယ်။ အိမ်မှာ ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ မွေးထားရင် သူတို့က အနံ့ရလို့ အသံပြုတဲ့အခါ သိနိုင်ပေမယ့် လူတွေချည်းပဲ နေကြတဲ့အိမ်တွေမှာဆိုရင် မြွေ ဝင်အောင်းနေတာကို သိနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်ရှေးလူကြီးတွေက အိပ်ယာဝင်မယ်ဆိုရင်တောင် စောင်အခေါက်တွေကို ဖြန့်ခါပြီးမှ ဝင်ကြဖို့ ဆုံးမခဲ့ဖူးကြပါတယ်။ မြွေတွေဟာ စောင်တွေ၊ အဝတ်ပုံတွေကြားမှာလည်း ဝင်ခွေနေတတ်လို့ပါ။

ထိုင်းနိုင်ငံဘန်ကောက်က အမျိုးသားတစ်ဦးဟာ အိမ်သာတက်ဖို့ လုပ်စဉ် မသင်္ကာဖြစ်ပြီး အိမ်သာကြွေခွက်ကို စစ်ဆေးကြည့်ရာမှ မြွေဟောက်ကြီး တစ်ကောင် ခိုအောင်းနေတာကို တွေ့ခဲ့ရတာကြောင့် အသက်ဘေးမှ လက်မတင်လေး လွတ်သွားခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ သူတင်ထားခဲ့တဲ့ ပုံတွေအရ မြွေဟာအတော်ကြီးပြီး အိမ်သာအိုးထဲကနေ ခက်ခက်ခဲခဲ ဆွဲထုတ်နေရတာကို တွေ့ရပါတယ်။ အွန်လိုင်းသုံးသူတွေကတော့ သတိထားကြဖို့ ဒီပုံတွေကို ပြန်ရှယ်နေကြပါတယ်။

ပိုပိုလေး ပရိသတ်တွေလည်း ရေချိုးခန်း၊ အိမ်သာတွေ သုံးတဲ့အခါ သတိထားကြပါလို့ ပြောပါရစေ။


08 Jan 2020     2,043 Views




RELATED

Most Popular of Special or Others

Most Popular of NEWS