BEC-TERO TV

တရုတ်နိုင်ငံ၏ ပညာရေးတွင် နိုင်ငံခြားသင်ရိုးများကို တားမြစ်လိုက်ပြီ

10 Jan 2020     1,792 Views


တရုတ်နိုင်ငံရှိ မူလတန်းနှင့် အလယ်တန်း ပညာရေးများတွင် နိုင်ငံခြားသင်ရိုးများ၊ အယူအဆများ အကြောင်းအရာများ သင်ကြားခြင်းကို တားမြစ်လိုက်ပြီဖြစ်ကြောင်း မြို့တော်ဘေဂျင်းမှ တရားဝင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယင်းကဲ့သို့ ပညာရေးကို ကန့်သတ်လိုက်သည့်အပေါ် ဝေဖန်သူတွေက တရုတ်နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာနဲ့ အတွေးအခေါ်တွေကို အစိုးရက ထိန်းချုပ်ဖို့ ကြိုးစားတဲ့ နောက်ဆုံးပေါ် လုပ်ရပ်ဟု သုံးသပ်လိုက်ပါတယ်။

ဇန်နဝါရီလ(၇) ရက်နေ့မှာ ပညာရေးဝန်ကြီးဌါနက ထုတ်ပြန်ခဲ့တဲ့ လမ်းညွှန်ချက်အရ မူလတန်းနှင့် အလယ်တန်းကျောင်းများကို အဓိကထားပြီး ၉နှစ်ကြာ ပညာသင်ကာလမှာ တရုတ်နိုင်ငံပြင်ပမှ အကြောင်းအရာများကို ပြဌါန်းစာအုပ်တွင် ထည့်သွင်းသင်ကြားခြင်း၊ အသုံးပြုခြင်းများအား ခွင့်မပြုတော့ဟု ပါရှိသည်။

အလားတူ တားမြစ်ချက်မျိုးကို ၁၀ တန်းနှင့် ၁၂ တန်းတို့တွင်ပါ သက်ရောက်စေမှာဖြစ်ပြီး ချွင်းချက်အနေနဲ့ နိုင်ငံခြားကျောင်းများနှင့် ချိပ်ဆက်ပူးပေါင်းဖွင့်လှစ်ထားသော ကျောင်းများနဲ့ ပညာရေးဖလှယ်မှု သဘောတူညီမှုရထားသည့် အစီစဉ်များ ကင်းလွတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ ပညာရေးမူဝါဒအသစ်ဟာ ပညာရေးနဲ့ လူမှုရေးနယ်ပယ်ကို ဆင်ဆာဖြတ်တောက် ထိန်းချုပ်ကြီးပြီး မျိုးချစ်ပညာရေးစနစ်စနစ်ကို အစိုးရက သွပ်သွင်းနေတာဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေဟာ သင်ရိုးညွှန်းတမ်း စာအုပ်တွေကို စံနှုန်းပြောင်းလဲတာတွေ လုပ်သွားမှာဖြစ်ပြီး အဲဒီထဲမှာ အတွေးအခေါ်နဲ့ နိုင်ငံရေး ဘာသာရပ်တွေ၊ စာပေ၊ သမိုင်း အစရှိတဲ့ နိုင်ငံရဲ့အချုပ်အခြာနဲ့ ဆက်စပ်မှုရှိနေတဲ့ ဘာသာရပ်တွေ ပါဝင်မှာဖြစ်ပါတယ်။

ကျောင်းတွေမှာ အတည်ပြုပြီးသားမဟုတ်တဲ့ အကြောင်းအရာတွေ ဒါမှမဟုတ် အဲဒါတွေနဲ့ တနည်းတဖုံဆက်စပ်နေတဲ့ အကြောင်းအရာတွေကို သင်ကြားခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ တရုတ်လူမျိုး စာအုပ်ထုတ်ဝေသူတွေ ထုတ်လုပ်ထားတဲ့ တရုတ်ဘာသာပြန်ပြီးသား စာအုပ်တွေကို အသုံးပြုကြဖို့ ကျောင်းတွေကို တိုက်တွန်းသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌါနက ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်မှာ ဖော်ပြထားတာတစ်ခုက ကျောင်းသုံးပြဌါန်းစာအုပ်တွေဟာ ပါတီနဲ့ နိုင်ငံကို ထင်ဟပ်ပေါ်လွင်စေတဲ့အရာတွေ ဖြစ်ရမယ်လို့ ရေးသားထားကြောင်း သိရသည်။


10 Jan 2020     1,792 Views




RELATED

Most Popular of International News

Most Popular of NEWS