အိန္ဒိယတွင် ဥပဒေချိုးဖောက် ဆောက်လုပ်ထားသည့် အထပ်မြင့်တိုက်များ ဖြိုချ
13 Jan 2020 1,495 Views

အိန္ဒိယနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို မလိုက်နာပဲ တရားမဝင်တည်ဆောက်ထားသည့် အထပ်မြင့် အဆောက်အဦးများကို ဖြိုချရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကမ်းနားပိုင်းက အဆင့်မြင့်နေအိမ်တိုက်ခန်း ၄ လုံးကို ပြီးခဲ့တဲ့ စနေနေ့က စတင် ဖြိုချလိုက်ပါတယ်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက အိန္ဒိယမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ခေတ်ကောင်းခဲ့ပြီး လုပ်ငန်းရှင်တွေဟာ ချမှတ်ထားတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေ၊ အခြားသော လိုက်နာရမယ့် ဥပဒေတွေကို မျက်ကွယ်ပြုကာ အဆောက်အဦးတွေကို ဆောက်လုပ်ခဲ့ကြပါတယ်။
ကိုချီရပ်ကွပ်မှာရှိတဲ့ အထပ်မြင့် အဆောက်အဦး ၄ လုံးမှာ နေထိုင်ကြတဲ့ အခန်းပေါင်း ၃၄၃ ခန်းက အခန်းရှင်တွေဟာ သူတို့ရဲ့ အိမ်ခန်းဝယ်ယူထားတဲ့ ငွေကြေးတွေအတွက် ရတက်မအေး ဖြစ်နေကြရပါတယ်။ အချို့သူတွေဟာ ဒီအိမ်ခန်းဝယ်ဖို့ တစ်သက်လုံး စုဆောင်းထားသမျှတွေကို ထုတ်သုံးခဲ့ကြရတာဖြစ်ပါတယ်။
ပထမဦးဆုံး အခန်းပေါင်း ၉၀ ပါရှိတဲ့ အဆောက်အဦးကို စနေ့နေ့ နံနက်ပိုင်းမှာ စတင်ဖြိုချခဲ့ပြီး နောက်ထပ် ၅ မိနစ်အကြာမှာတော့ အမွှာဆောက်အဦးကိုလည်း ဆက်တိုက် မိုင်းခွဲဖြိုချခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ နောက်ထက် ကျန်ရှိနေတဲ့ အဆောက်အဦး နှစ်လုံးကို ထပ်မံဖြိုချခဲ့ပါတယ်။ အနီးတစ်ဝိုက်မှာ အချက်ပေးသံတွေ ဆူညံနေပြီး လူတွေကို မီတာ ၂၀၀ အကွာအဝေးထိ မလာနိုင်ရန် တားမြစ်ထားကာ ဆေးရုံကား၊ မီးသတ်ကားတွေကိုလည်း အသင့်ပြင်ထားပြီးနောက် ဖြိုချခဲ့တာဖြစ်ပါတယ်။
ဒီအကျိုးဆက်ကြောင့် ဖြစ်လာမယ့် လူစုလူဝေးပြဿနာတွေအတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ရဲအရာရှိ ဗီဂျေးရှက်ခါ က ပြောကြားခဲ့ပါတယ်။ အနီးတစ်ဝိုက်မှာ နေထိုင်ကြသူတွေကတော့ အခုလို ဖြိုချတဲ့ သက်ရောက်မှုကြောင့် သူတို့ရဲ့ နေအိမ်တွေ အက်ကွဲပျက်ဆီး ထိခိုက်မှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။
အစိုးရက အထပ်မြင့် အဆောက်အဦးတွေ ဆောက်လုပ်ရေး စီမံကိန်းတွေကို အိမ်ယာတည်ဆောက်သူအတွက် ၂၀၀၆ ခုနှစ်ကတည်းက အတည်ပြုထားပြီးဖြစ်သည်။ ပြီးခဲ့တဲ့နှစ်က ဆောက်လုပ်ရေး လုပ်ငန်းလုပ်သူတွေအတွက် လိုက်နာရမယ့် တရားဥပဒေတွေကို အမြင့်ဆုံး တရားရုံးက ပြဌါန်းပေးခဲ့ပါတယ်။
ဒါပေမယ့် ကမ်းနားတဝိုက်ဧရိယာတွေမှာ ဥပဒေကို ကျော်လွန်ချိုးဖောက်ပြီး တည်ဆောက်ထားတဲ့ အဆောက်အဦးတွေ ရာနဲ့ချီ ရှိလာပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆိုးရွားတဲ့ ရေကြီးမှုဒဏ်ခံခဲ့ရပြီး သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးက ကမ်းနီးဒေသတွေမှာ အထပ်မြင့်တိုက်တွေ အလွန်အကျွံဆောက်လာကြတာကို ထောက်ပြခဲ့ကြပါတယ်။
လက်ရှိမှာတော့ ဖြိုချရန် ကျန်နေသေးတဲ့ အဆောက်အဦးတွေမှာ နေထိုင်သူတွေက နေရာပြောင်းရွေ့ပေးဖို့ ငြင်းဆန်နေတဲ့အတွက် အစိုးရက အဲဒီတိုက်ခန်းတွေကို လျှပ်စစ်နဲ့ ရေတို့ ဖြတ်တောက်ထားပါတယ်။ သူတို့တွေကို အစိုးရက ထိုက်သင့်တဲ့ လျော်ကြေးတွေပေးခဲ့ပြီးဖြစ်သလို ဆောက်လုပ်ရေးပိုင်ရှင်တွေကလည်း ငွေပြန်အမ်းဖို့ လုပ်ဆောင်နေပါတယ်။
အခန်းမှာ နေထိုင်သူတစ်ဦးက “ကျွန်တော့်ဇနီးနဲ့ ကလေးတွေက သူတို့ရဲ့ အိမ်လေး ဖြိုချဖျက်ဆီးခံရပြီး ဆုံးရှုံးရမှာ အရမ်းကို ဝမ်းနည်းနေကြတယ်” လို့ ဆိုပါတယ်၊ သူ့အနေနဲ့ ဒီအခန်းကို ပိုင်ဆိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀ နဲ့ ညီမျှတဲ့ ပိုက်ဆံကို ပေးခဲ့ရတာဖြစ်ပါတယ်။