BEC-TERO TV

ဆေးလိပ်ဖြတ်ပြီး ဘယ်လောက်ကြာရင် ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်လဲ..?

16 Jan 2020     2,323 Views


ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာကို သိတယ်ရင် ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ကျန်းမာရေး သိသိသာသာတိုးတက် ပြောင်းလဲလာမယ်ဆိုတာကိုလည်း ယုံကြည်ရမှာဖြစ်ပါတယ်။ အမှန်တကယ်လည်း ဆေးလိပ်သောက်သူနဲ့ ဆေးလိပ်မသောက်သူတို့ရဲ့ ကျန်းမာရေးဟာ အပုံကြီး ကွာခြားပါတယ်။

ဆေးလိပ်ဖြတ်လိုက်ခြင်းအားဖြင့် သိသာတဲ့ ကျန်းမာရေးအကျိုးတွေကတော့ ကင်ဆာဖြစ်နိုင်ချေ လျော့ကျသွားမယ်၊ အသက်ရှုရတာ ပိုကောင်းလာမယ်၊ ခွန်အားတိုးပြီး စိတ်ဖိစီးမှု လျော့ကျမှုကို အထောက်အပံ့ဖြစ်သလို အိမ်ထောင်ရေးသုခ ကိုလည်း ပိုပြီးရရှိလာစေမှာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်တာကတော့ ဟုတ်ပါပြီ၊ ခန္ဓာကိုယ်သန့်စင်ပြီး နဂိုမူအတိုင်း ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ဘယ်လောက် ကြာမှာလဲဆိုတဲ့ မေးခွန်းအတွက် ဆေးလိပ်ဖြတ်လိုက်တာနဲ့ ဖြစ်ပေါ်လာမယ့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်နဲ့ ကြာချိန်တွေကို ဖော်ပြလိုက်ရပါတယ်။

သေချာတာကတော့ ဆေးလိပ်ဖြတ်တယ်ဆိုတာ နောက်ကျတယ်ရယ်လို့ ဘယ်တော့မှ မရှိပါဘူး။ နောက်ဆုံးသောက်တဲ့ ဆေးလိပ်ကို လက်ကချလိုက်တာနဲ့ ခန္ဓာကိုယ်က ပြန်လည်ကုစားတဲ့ လုပ်ငန်းစဉ်တွေကို ချက်ခြင်း စတင်ဆောင်ရွက်ပါတယ်။ ဆေးလိပ်ဖြတ်တာဟာ အချို့သူတွေအတွက်တော့ မပြင်နိုင် အကျင့်ဆိုးကြီးကို ဇွတ်ဖျောက်ပစ်ရသလို ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် အဓိက က စိတ်တစ်ခုပါပဲ။ စိတ်ဓါတ်ခိုင်မာတယ်လို့ ယုံကြည်မှုရှိရင် အဲဒီကာလ ရက်အနည်းငယ်ကို အသာလေး ကျော်လွှားသွားနိုင်ပါတယ်။

ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ ချက်ခြင်းရလာမှာကတော့ ရုတ်တရက် နှလုံးဖောက်ပြန်မှု ဖြစ်ပွားနိုင်ချေကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဆေးလိပ်လုံးဝမသောက်ခဲ့သူ တစ်ယောက်အတိုင်းပဲ လျော့ကျသွားပါပြီ။

နောက်ဆုံး ဆေးလိပ်ကိုသောက်ပြီး မိနစ် ၂၀ လောက်အကြာမှာ သွေးခုန်နှုန်းတွေက မူလအခြေနေအတိုင်း ပြန်ဖြစ်လာပါတယ်။ ၈ နာရီလောက်အကြာမှာတော့ သွေးထဲမှာ နီကိုတင်းနဲ့ ကာဗွန်မိုနောက်ဆိုဒ်တွေ တစ်ဝက်လောက် သိသိသာသာလျော့ကျလာပါတယ်။ ၄၈ နာရီအကြာမှာ ကာဗွန်မိုနော့ဆိုဒ်တွေဟာ ထူးဆန်းစွာနဲ့ သင့်ခန္ဓာကိုယ်ထဲကနေ လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။

ဒီအချိန်ကျမှ အဆုတ်ရဲ့ လုပ်ငန်းစဉ် စပါပြီ။ ချွဲသလိပ်နဲ့၊ ဆေးလိပ်ချိုးအကြွင်းအကျန်တွေကို ခန္ဓာကိုယ်ကနေ သန့်စင်ပေးဖို စတင်လုပ်ဆောင်ပါတယ်။

တစ်လလောက်ကြာတဲ့အခါမှာတော့ အဆုတ်ရဲ့ အလုပ် လုပ်နိုင်အားက ပိုကောင်းလာပြီး အသက်ရှုချောင်လာတာ၊ နေရာထိုင်ရ ပေါ့ပါးလာတာတွေကို လက်တွေ့ ခံစားရပါလိမ့်မယ်။ ၃ လကနေ ၉ လအတွင်း သိသာလာတာကတော့ ချောင်းဆိုးတာ၊ ချွဲသလိပ်ခပ်တာ၊ အသက်ရှုကျပ်တာတွေ မရှိတော့ပဲ နေရထိုင်ရ ပေါ့ပါးလာပါတယ်။

အဲဒီအတိုင်းပဲ ဆေးလိပ်ကို လုံးဝပြန်မသောက်တော့ပဲ တစ်နှစ်လောက်ထိ နေသွားနိုင်ပြီဆိုရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ချေက ဆေးလိပ်သောက်နေသူတွေနဲ့ ယှဉ်ရင် တစ်ဝက်လောက် လျော့ကျသွားပါပြီ။ ၁၀ နှစ်ကြာသွားတဲ့အခါမှာ အဆုပ်ကင်ဆာ ဖြစ်နိုင်ချေကလည်း ၁၀ နှစ်လောက် ဆေးလိပ်သောက်သူတွေရဲ့ တစ်ဝက်လောက် လျော့သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်တယ်ဆိုတာ နောက်တယ်ရယ်လို့ မရှိပါဘူး။ ဆေးလိပ်ဖြတ်ဖို့ ပထမဦးဆုံး ခြေတစ်လှမ်း စလိုက်နိုင်ဖို့ပဲ အရေးကြီးပါတယ်၊ ဆေးလိပ်ကို စောစောဖြတ်နိုင်လေ အကျိုးများများရလေလေ ဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။


16 Jan 2020     2,323 Views




RELATED

Most Popular of Health Fix

Most Popular of Life Style