BEC-TERO TV

ငရုတ်သီးစားခြင်းကြောင့် သက်တမ်းစေ့နေနိုင်ကြောင်း သုတေသီများတွေ့ရှိ

16 Jan 2020     1,584 Views


အစပ်ကြိုက်သူတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ ငရုတ်သီးဟာ စပ်တာကလွဲရင် ဘာမှအကျိုးမရှိဘူးလို့ ထင်ထားကြသူတွေအတွက် ငရုတ်သီးစားခြင်းကြောင့် ရရှိနိုင်တဲ့ ထင်မှတ်မထားသော အကျိုးကျေးဇူးများကို ဖော်ပြလိုက်ရပါတယ်။

ငရုတ်သီးစားပေးခြင်းဟာ နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ လက်တလော သုတေသန စမ်းသပ်ချက်အသစ်အရ ခပ်စပ်စပ် အစားအသောက်တွေကို တစ်ပတ်လျှင် ၄ ကြိမ်ထက် ပိုပြီးစားတဲ့သူတွေဟာ နှလုံးနဲ့ပက်သက်တဲ့ရောဂါတွေ၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါတွေကြောင့် သေဆုံးရမယ့် အန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ဒီသုတေသနစာတမ်းကို ဦးနှောက်သွေးကြောဆိုင်ရာ အမေရိကန်ကောလိပ်က ထုတ်ဝေတဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အဲဒီစာတမ်းမှာ မှတ်သားစရာ အချက်တစ်ချက်ကတော့ ငရုတ်သီးစိမ်းတောင့်(အနီရောင်) စားသူတွေဟာ စောစောစီးစီးသေဆုံးနိုင်တဲ့ အန္တရာယ်ကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

အံသြစရာကောင်းလောက်အောင် ငရုတ်သီးစိမ်းတောင့်(အနီရောင်) စားသူတွေဟာ မစားသူတွေထက် အချိန်မတိုင်ခင် သေဆုံးခြင်းအန္တရာယ်ကနေ ၂၃% ထိ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

သုတေသီတွေဟာ အီတလီနိုင်ငံ မိုးလိစ်ပြည်နယ်က ၂၂,၈၁၁ ယောက်သော ပြည်သူတွေကို စစ်တမ်းကောက် သုတေသနပြုခဲ့ပြီးမှ ဒီရလဒ်ကို သိခဲ့ကြရတာဖြစ်ပါတယ်။ စမ်းသပ်မှုလုပ်ငန်းစဉ်မှာ ပါဝင်ကူညီခဲ့သူတွေကို သူတေသီတွေက ၈ နှစ်ကြာ မျက်ခြေမပြတ်ပဲ စောင့်ကြည့်လေ့လာခဲ့ကြရာ၊ ငရုတ်သီးစားသုံးသူတွေမှာ နှလုံးရောဂါကြောင့် သေဆုံးမှု ၄၀% လျော့ကျခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း သုတေသနလုပ်ငန်းတွေမှာ ပါဝင်ခဲ့သူ Dr Mellor က “ငရုတ်သီးနဲ့ ပက်သက်ပြီး သုတေသန လုပ်တာတွေဟာ အစလောက်ပဲရှိပါသေးတယ်၊ ငရုတ်သီးစားသုံးခြင်းနဲ့.. နှလုံးနဲ့ပက်သက်တဲ့ရောဂါတွေ လေဖြတ်ရောဂါတွေရဲ့ ဆက်စပ်မှုတွေကို ဒီထက်ပိုပြီး လေ့လာကြရဦးမှာဖြစ်တယ်” လို့ ဆိုပါတယ်။

ယခုတွေ့ရှိချက်အရ ငရုတ်သီးရဲ့ အကျိုးကျေးဇူးတွေကို သိခဲ့ရတာဖြစ်လို့ နေ့စဉ်ချက်ပြုတ်တဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသောက်ခြင်းဖြင့် အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။

သို့သော်လည်း ‘တန်ဆေး၊ လွန်ဘေး’ ဆိုတဲ့ စကားလည်း ရှိတာကြောင့် အလွန်အကျွံစားသုံးခြင်းကိုတော့ ရှောင်ကျဉ်အပ်ပါတယ်။ ဒါ့အပြင် အစပ်နဲ့ မတည့်တဲ့ အခြားသော ရောဂါများ ရှိနေပါကလည်း ကျွမ်းကျင်သည့် ဆရာဝန်များရဲ့ လမ်းညွှန်ချက်ဖြင့်သာ စားသောက်ကြဖို့ တင်ပြအပ်ပါသည်။


16 Jan 2020     1,584 Views




RELATED

Most Popular of Health Fix

Most Popular of Life Style