BEC-TERO TV

အသည်းကိုပျက်စီးစေတဲ့ နေ့စဉ်အလွဲများ

06 Mar 2020     1,769 Views


အသည်းဆိုတာ ခန္ဓာကိုယ်အတွက် အရေးကြီးသောကိုယ်တွင်းအင်္ဂါရပ်တစ်ခုဖြစ်ပြီး အဆိပ်အတောက်များကို စစ်ထုတ် ဖယ်ရှားပေးခြင်း၊ သွေးများကိုသန့်စင်ပေခြင်း၊ အာဟာရဓါတ်ကိုစွမ်းအားအဖြစ် ပြောင်းလဲပေးခြင်း၊ ဗီတာမင်နှင့် သတ္တုဓါတ်များကို သိုလှောင်ပေးခြင်း အစရှိတဲ့တာဝန်များစွာကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ထိုမျှလောက်အရေးကြီးသောအသည်းကို ကြာကြာအသုံးပြုသွားနိုင်အောင် သေချာဂရုစိုက်ပေးသင့်ပါတယ်။ အသည်းကို ပျက်စီးစေတဲ့ အမူအကျင့်တို့ကို အခုချိန်ကနေစပြီးတော့ ရပ်တန့်ဖို့ လိုအပ်နေပါပြီ။ အသည်းကိုဖျက်ဆီးနေတဲ့အရာတွေဟာ ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

အရက်သေစာသောက်စားခြင်း

အရက်သည် အသည်းအတွက်မကောင်းဘူးဆိုတာ အားလုံးသိနေပြီးသားဖြစ်မှာပါ။ အရက်သောက်များလေ အသည်းကိုပိုပျက်စီးလေပဲဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းချင်တယ်ဆိုရင် လျှော့သောက်ပါ။ အကယ်၍ သင်ဟာ အသည်း ကျန်းမာရေးဆိုင်ရာ ပြဿနာရှိနေတယ်ဆိုလျှင် လုံးဝမသောက်တာက ပိုကောင်းပါတယ်။

ရေလုံလုံလောက်လောက် မသောက်ခြင်း

ကျွန်တော်တို့သိထားတာက ရေကို တစ်နေ့ ၈ ခွက်သောက်သင့်တယ်လို့ သိထားကြပါတယ်။ တစ်နေ့တာ ရေလုံလုံလောက်လောက် မရရှိရင် အဆိပ်အတောက်များဖယ်ရှားသည့် အသည်းရဲ့လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် တစ်နေ့တာ ရေကိုလုံလောက်စွာသောက်သုံးဖို့ လိုအပ်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကိုထိခိုက်စေရုံသာမက အသည်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အသည်းကင်ဆာရောဂါကိုပါ ဖြစ်စေနိုင်သည့်အပြင် အိုမင်းရင့်ရော်မှုကိုလည်း ပိုမိုဖြစ်စေနိုင်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်များခြင်း

ခန္ဓာကိုယ်အလေးချိန်များလွန်းရင်လည်း အသည်းမှာအဆီတွေစုလာနိုင်ပြီး အသည်းအဆီဖုံးရောဂါဖြစ်ပွားနိုင်ပါတယ်။ အရက်မသောက် သော်ငြား အဆီအဆိမ့်တွေအစားများရင်လည်း အသည်းကိုထိခိုက်စေနိုင်တာ အတူတူပါပဲ။

သကြား (အချိုဓါတ်) များအစားများခြင်း

အားလုံးသိထားတဲ့အတိုင်း သကြား (အချိုဓါတ်) အစားများရင် အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် အခြားသောရောဂါတွေ ဖြစ်စေနိုင် သည့်အပြင် အသည်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်နိုင်ကြောင်း တွေ့ရှိရပါတယ်။

ညအိပ်ယာမဝင်ခင် အစားအလွန်စားခြင်း

ညအိပ်ယာဝင်ကာနီး အစာစားရင် ညဘက် အသည်းဟာ အလုပ်ပိုလုပ်ရတာကြောင့် အိပ်ချိန်နှင့်ခပ်ဝေးဝေးခြားပြီးမှ စားသင့်ပါတယ်။ နောက်ပြီး အစာချေဖျက်လွယ်တဲ့ ပေါ့ပေါ့ပါးပါးအစားအစာတွေကိုသာ စားပါ။

အဆီပါတဲ့အစားအစာများ စားသုံးခြင်း

သင်ဟာ ကိုလက်စထရောများတဲ့လူဖြစ်နေရင် အဆီများတဲ့အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။ မကောင်းသော ကိုလက်စထရော နှင့် ခန္ဓာကိုယ်အတွက်ကောင်းကျိုးမပေးတဲ့ အဆီတွေပါဝင်တဲ့ Bakery၊ သရေစာမုန့်၊ ပေါက်ပေါက်ဆုပ်၊ ဆီကြော်မုန့်များကို အသည်း ကျန်းမာရေးအတွက် တတ်နိုင်သလောက်လျှော့စားပေးပါ။

အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း

အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဟာ အသည်းကို သင်ထင်ထားတာထက် ဆိုးကျိုးများပိုမို သက်ရောက်စေနိုင်ပါတယ်။ အသည်းရောင်ရောဂါ A ပိုး၊ B ပိုး၊ C ပိုး တွေဟာ လိင်ဆက်ဆံခြင်းကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် B ပိုးဟာ သွေး (သို့) ခန္ဓာကိုယ် အရည်အချွဲများကနေ တိုက်ရိုက်ထိတွေ့ခြင်းမှ ကူးစက်နိုင်တာကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ဖြည့်စွက်စာများ အစားများခြင်း

ဖြည့်စွက်စာများ အရမ်းစားရင်လည်း အသည်းကိုထိခိုက်စေနိုင်ပါတယ်။ အသည်းရဲ့လုပ်ဆောင်ချက်သည် အဆိပ်အတောက်များကိုစစ်ထုတ်ဖယ်ရှားပစ်ရန် တာဝန်ရှိ၍  တချို့ဖြည့်စွက်စာမှာ ဘေးမကင်းတဲ့ပါဝင်ပစ္စည်းများပါလွန်းသောကြောင့် အသည်းဟာအလုပ်ပိုလုပ်ရပီး ပျက်စီးစေနိုင်ပါတယ်။

စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုအရမ်းများခြင်း

စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွယ်နယ်မှုတွေ အရမ်းများပြီး စုပုံလာရင် ကျန်းမာရေးအတွက် မကောင်းပါ။ အစာလမ်းကြောင်းဆိုင်ရာ သုတေသနလေ့လာမှုထုတ်ပြန်ချက်အရ စိတ်ဆင်းရဲမှု၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကျခြင်း စတဲ့ခံစားချက်တွေ များများခံစားနေရတဲ့ သူတွေဟာ အသည်းဆိုင်ရာရောဂါကြောင့် သေဆုံးနိုင်ခြေရှိ ကြောင်းတွေ့ရှိရပါတယ်။ စိတ်ခံစားမှုဟာ အသည်းကို အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ လူတော်တော် များများက သိပ်မသိကြသေးတဲ့ကိစ္စဖြစ်ပါတယ်။

ကိုယ်၊ လက် လေ့ကျင့်ခန်းများ အလုပ်နည်းခြင်း

စနစ်တကျ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းသည် ကျန်းမာရေးကောင်းမွန်စေသည့်အပြင် အသည်းရဲ့လုပ်ဆောင်ချက်ကိုလည်း များစွာအထောက်အကူဖြစ်စေပါတယ်။

စပ်ဆေးများ အသောက်များခြင်း

တခါတလေမှာ ကိုယ်ပူ၊ ခေါင်းကိုက်၊ ဖျားနာ နေမကောင်းတစ်ခုခုဖြစ်လျှင် ဆေးရုံ၊ ဆေးခန်းများ သွားမပြဘဲ နီးစပ်ရာဆေး ဆိုင်မှာပဲ ဖြစ်သလို စပ်ဆေးတွေဝယ်သောက်ကြတတ်ပါတယ်။ အမှန်တကယ်တော့ ဒါဟာ အသည်းကိုပျက်စီးစေနိုင်တဲ့အတွက် အမြဲတမ်းစွဲသောက်ဖို့မသင့်တော်ပါဘူး။

အသည်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများမပြုလုပ်ခြင်း

များသောအားဖြင့် ကျန်းမာရေးအတွက် ဆေးစစ်တဲ့အခါ နှလုံးစစ်တာတွေ၊ ကိုလက်စထရောစစ်တာတွေပဲရှိပြီး  အသည်းကိုတော့ ချန်ထားတတ်ကြပါတယ်။ တကယ်တော့ အသည်းကလည်း အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်တဲ့အတွက်ကြောင့် အသည်းကိုလည်းစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

(ပိုပိုလေး)

 


06 Mar 2020     1,769 Views




RELATED

Most Popular of Health Fix

Most Popular of Life Style