ဗိုင်းရပ်စ်ကြောင့် စစ်သည် ၂၀၀ သေဆုံးသော်လည်း မြောက်ကိုရီးယား ငြင်းဆန်နေဆဲ
10 Mar 2020 1,928 Views

မြောက်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကင်းစင်တဲ့ နိုင်ငံအဖြစ် တရားဝင်ရပ်တည်နေသော်လည်း အားလုံးမျှော်လင့်ထားကြသည့်အတိုင်း နောက်ကွယ်က တစ်ကယ့်အမှန်တရားကတော့ တစ်စထက်တစ်စ ဖုံးမနိုင်ဖိမရဖြစ်လာနေပါတယ်။
တောင်ကိုရီးယား သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Daily NK နှင့် Yonhap သတင်းအေဂျင်စီတို့ရဲ့ သတင်းများအရ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ အတွင်းမှာ မြောက်ကိုရီးယား စစ်သည် ၁၈၀ ကျော် သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်သည် ၃,၇၀၀ ခန့်ကလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးစခန်းမှာ စောင့်ကြည့်ခံထားရပါတယ်။ စစ်တပ်အသိုင်းရဲ့အပြင်ဘက်မှာ လူပေါင်း ၄,၀၀၀ ကို ရောဂါထိန်းချုပ် စောင့်ကြည့်မှုတွေပြလုပ်ခဲ့ပြီး ဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေ မပြတဲ့အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
သို့သော်ငြားလည်း ဖော်ပြပါ အရေအတွက်များက သုံးသပ်မှန်းဆမှုများသာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ သတင်းအချက်လက် လျှို့ဝှက်မှုများကြောင့် အတိအကျမှန်ကန်ကြောင်း အတည်ပြုနိုင်ခြင်းမရှိပါ။ ကိုရိုနာဗိုင်းရပ်စ် ပထမဦးဆုံးတွေ့ရှိခဲ့သူကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း သတင်းတွေ အစောပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ခဲ့ပါသေးသည်။
အထက်ပါအတိုင်း သတင်းများက ဟုတ်မှန်နေပါက ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် အရေအတွက်မှာ များပြားလွန်းသည်ဟု ဆိုနိုင်ကြောင်း South China Morning Post တွင် ဖော်ပြထားသည်။






